ပို့လဘား၊ အောက်တိုဘာ ၂၃ ရက်၊ ဘားအံ
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ဘားအံမြို့နယ် ဝံပျံကျေးရွာအုပ်စု ဖားဘော်ရွာလေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ကလေးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့နယ် ဖားဘော်ရွာလေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီခွဲအကျော်မှာ (၁၂၀) မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဗုံးကြဲတိုက်ခိုက်တာတော့ ခရိုင် ၇ ခုလုံးမှာ နေ့စဉ်ရက်ဆက် ဖြန့်ပြီးကြဲနေတာပဲ။ မင်းလက်ပံဖက်မှာလည်း မနေ့ လက်နက်ကြီး ပစ်ခတ်လာတာရှိတယ်။ အဲမှာတော့ ကျနော်သတင်းအပြည့်အစုံမရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားဘော်ရွာလေးရွာက အသက် ၆ နှစ်အရွယ်ရှိတဲ့ နော်ချမိ ၊ အသက် ၁၂နှစ်ရှိတဲ့ နော်အေးမူနဲ့ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ စောတူ တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အတုယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ စီစဉ်နေပြီး KNU နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသအတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။