ယာရူစိင်၊ ဩဂုတ် ၉ ရက်၊ ဖားဆောင်း
ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၈ ရက် မနက် ၁၀ နာရီကျော်မှာ ဖားဆောင်းမြို့နယ် ခဲမဖြူရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူး။ ဒေသခံတွေကိုသာ ဦးတည်ပြီး ပစ်မှတ်ထားတာပါ။ ဒဏ်ရာ ရတာက ကလေးငယ်လည်း ပါဝင်တယ်။ ၁၃ နှစ်အရွယ် ကလေးငယ်တွေပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ဦး သေဆုံးပြီး ၄၀ ဦး ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။