ယာရူစိင်၊ စက်တင်ဘာ ၂ ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ စစ်လေးရှောင်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ရှောင်စခန်းဘက်ကို ကြဲသွားတာပါ။ ဒေသခံတွေကို ပစ်မှတ်ထားပြီး Y12 နဲ့ ကြဲသွားတာပါ။ မနေ့ကဆို လေယာဉ်တွေလည်း တောက်လျောက်ဝဲနေတော့တာပဲ။ ဒဏ်ရာရတာက စစ်ရှောင်တွေပဲ ရတာပါ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
၁၀ နှစ်အရွယ်ရှိတဲ့ ကလေးငယ် ၂ ဦးနဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး ၁ ဦးတို့ ထိမှန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
မနေ့ စက်တင်ဘာလ ၁ ရက်ထဲမှာတင် ကရင်နီပြည် ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာလည်း မော်ချီးဒေသ လိုခါးလိုရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း ကရင်နီပြည်က မော်ချီးဒေသမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။