ရဲမာန်၊ နိုဝင်ဘာ ၁၈ ရက်၊ နတ်မောက်
မကွေးတိုင်း နတ်မောက်မြို့နယ် ကြက်သောက်တွင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ People’s Defence Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုင်ဝင်ဘာလ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲသွားတာပါ။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၅၇ နှစ်အရွယ်ရှိတဲံ့ ဦးစိုးတင့်၊ အသက် ၃၂ နှစ်အရွယ်ရှိ မောင်ဌေးလှိုင်နဲ့ အသက် ၃၇ နှစ်အရွယ်ရှိ မမျိူးသီတာတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် မနက် ၉ နာရီခွဲကျော်မှာလည်း စစ်ကောင်စီတပ်က နတ်မောက်မြို့နယ် ရုံးပင်ကွက်ကျေးရွာအနီးကို စက်တပ်လေထီးနဲ့ ၂ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက် ည ၈ နာရီခွဲမှာလည်း စစ်တပ်က လဲဘူးကျေးရွာကို လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။