ရွှေဖီမြေ၊ ဇွန်လ ၃ ရက်
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA နဲ့ ကိုးကန့်တပ် MNDAA တို့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်တိုးမယ်လို့ မနေ့ ဇွန်လ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အပစ်ရပ်ကာလကို ဇွန်လ ၂ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်အထိ ထပ်မံတိုးထားတာဖြစ်ပြီး ငလျင်နောက်ဆက်တွဲလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလ ထပ်တိုးထားတာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ လူသားချင်း စာနာထောက်ထားပြီး ပြီးခဲ့တဲ့ ဧပြီနဲ့ မေလ ၂ လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ခဲ့ပါတယ်။
အလားတူ စစ်ကောင်စီတပ်ကလည်း ငလျင်ကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က စတင်ပြီး တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကာ ဒီလ ဇွန်လကုန်အထိ ထပ်မံတိုးမြင့်ထားကြောင်း သိရပါတယ်။
စစ်ကောင်စီက တစ်ဖက်သတ် အပစ်အခတ်ရပ်ဆဲရေး ကြေညာထားပေမဲ့လည်း တအာင်းဒေသနဲ့ ရခိုင်ဒေသမှာ TNLA နဲ့ AA တပ်တို့နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ တစ်ဖက်သတ် အပစ်ရပ်တယ်လို့ ကြေညာထားတဲ့ ကာလအတောအတွင်းမှာပဲ နောင်ချိုမြို့နယ်တွင်းက တအာင်းတပ် TNLA ထိန်းချုပ်တဲ့ တပ်စခန်း ၅ ခုကို ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။