အိုက်ပွီး၊ နိုဝင်ဘာ ၂၂ ရက်၊ တမူး
စစ်ကိုင်းတိုင်း၊ တမူးမြို့ခံပြည်သူတွေ ရွေးကောက်ပွဲကာလ နှစ်လအတွင်း ပြန်မလာပါက နိုင်ငံသားအဖြစ် ရပ်စဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောက်စီ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးသန်းနိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က တမူးမြို့မ (၁၄) ချောင်းနက်ကြီးရပ်ကွက်မှာ မြိုခံတွေကို အစည်းဝေးခေါ်ယူပြီး အခုလို ခြိမ်းခြောက်ထားတာဖြစ်သလို အခုရက်ပိုင်းလည်း ရပ်ကွက်တွေထဲမှာ လှည့်လည် ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။
“ထွက်ပြေးတဲ့သူတွေ တမူးမြို့မှာရှိ ကိုယ့်အိမ်၊ ကိုယ်နေရာမှာ ပြန်လာနေဖို့ ပြောပါတယ်။ ဇန်နဝါရီလ မကုန်ခင်ထိ ပြောချင်တာက ရွေးကောက်ပွဲ ကာလပေါ့ ပြန်လာဖို့ပြောတယ်။ အဲလထိ မပြန်တဲ့သူတွေကို ပျူခေါင်းဆောင် ဦးသန်းနိုင်က နိုင်ငံသားအဖြစ် ရပ်စဲမယ်ပြောတယ်”လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
နေရပ်ပြန်လာတဲ့ ပြည်သူတွေကို ၎င်းတို့(ပျူစောထီး)အနေနဲ့ ဘာမှလုပ်မှာမဟုတ်ဘူးလို့ ပျူခေါင်းဆောင် ဦးသန်းနိုင်က အစည်းဝေးမှာ ပြောဆိုသွားပါတယ်။
တမူးမြို့ဟာ လာမယ့် ဒီဇင်ဘာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့်အထဲ ပါဝင်ပြီး အဲဒီရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်ရေးအတွက် ပျူစောထီးတွေက အခုလို ခြိမ်းခြောက်ဖိအားပေးတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်သွားလာခွင့်ရှိပေမယ့် ဖုန်းယူဆောင်ခွင့်၊ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းစစ်ဆေး တွေ့ရှိရင် ၎င်းတို့အနေနဲ့ လုံးဝ တာဝန်ယူမှာမဟုတ်ဘူးလို့ ပျူစောထီး ခေါင်းဆောင် ဦးသန်းနိုင်က ပြောကြားထားလို ဆိုပါတယ်။
“အစည်းဝေးမှာ ပြည်သူတွေ နယ်စပ်သွားခွင့်ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဖုန်းယူသွားဖို့ လုံးဝ မပေးဘူး။ အကယ်လို့ ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးတဲ့ခါ ဖုန်းတွေ့ရင် တာဝန်ယူမှာ မဟုတ်ဘူး ပြောပါတယ်။ ဘာအတွက်လဲတော့ ပြောမသွားပါဘူး။”လို့ အထက်ပါ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တမူးမြို့ခံအများစုဟာ စစ်ကောင်စီနဲ့ ပျူစောထီးတို့ရဲ့ ဖမ်းဆီးငွေညှစ်တာ၊ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းပို့တာ၊ လူသတ်၊ မုဒိမ်းမှု မကြာခဏာ အကြမ်းဖက်မှုဖြစ်တာ၊ တိုက်ပွဲတွေဖြစ်တာ စတာတွေကြောင့် တမူးမြို့နယ်က ကျေးရွာတွေအပါအဝင် တခြားမြို့နယ်တွေနဲ့ အိန္ဒိယနိုင်ငံတွေဘက်မှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
တမူးမြို့ပေါ် ရက်ကွက်တွေကို စစ်ကောင်စီတပ်နဲ့ ၎င်းလက်အောက်ခံတပ်တွေဖြစ်တဲ့ ရှမ်းနီ၊ ကသည်း၊ ပျူစောထီးတွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။