အိုက်ပွီး၊ ဇွန်လ ၁၉ရက်၊ ထီးလင်း
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ အကျဥ်းကျနေတဲ့ အကျဥ်းသား၊ သူ ၁၃ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ အကျဉ်းထောင်ကနေထွက်ပြေ လွတ်မြောက်လာခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“မြို့မရဲစခန်း အကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတာ ဟုတ်ပါတယ်။ အဲဒီထဲမှာ ကျတော်အသိတွေလည်း ပါလာကြတယ်။ အခုသူတို့အားလုံး လုံခြုံတဲ့နေရာတွေမှာ ရောက်ရှိနေကြပါပြီ။ စိုးရိမ်စရာမရှိတော့ဘူး။”လို့ ဖြစ်စဥ်သိရှိသူ ထီးလင်းဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သူတို့တွေဟာ စစ်တပ်အာဏာသိမ်းပြီး နွေဥဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရသူတွေဖြစ်ပြီး အဲဒီလွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူတို့ဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ပုဒ်မ ၅၀ (က)၊ ၅၂ (က) တွေနဲ့ တရားစွဲဆိုခံရသူတွေဖြစ်ပြီး ထီးလင်းမြို့မရဲစခန်းမှာ နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေလည်းဖြစ်ပါတယ်။
“အကုန်လုံးက နိုင်ငံရေးကြောင့်ပဲ အဖမ်းခံရတာပါ။ သူတို့တွေကို စစ်ကောင်စီက ပုဒ်မ ၅၀ (က)၊ ၅၂ (က) တွေနဲ့ တရားစွဲခံထားရသူတွေပါ။ ပြီးတော့ အချုပ်ခန်းထဲမှာ ၄ နှစ်နီးပါး၊ ၂နှစ်၊ ၃နှစ် နေထိုင်ရသူတွေဖြစ်တယ်။”လို့ ဖြစ်စဥ်သိရှိသူ ထီးလင်းဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
နောက်ထပ် နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေ ထီးလင်းမြို့မရဲစခန်းမှာ ကျန်နေသေးပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ကလည်း ထီးလင်းမြို့မရဲစခန်းက အကျဥ်းသား ၅ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။