မိုင်းရူပ၊ ဇူလိုင် ၂၉ ရက်၊ နမ့်ခမ်း
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ကလေးငယ်တွေကို ခိုးသူတွေရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နမ့်ခမ်းမြို့အနီးရှိ နောင်ဆန်းကုန်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ရှိနေတဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးကို အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ခေါ်သွားနေစဥ် ရွာခံတွေသတိထားမိတာကြောင့် ကလေးငယ်ကို ချန်ထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။
“အဲဘုရားကျောင်းထဲမှာ ကလေး ၄ ယောက်ရှိတယ်။ အဲထဲက ၁ ယောက်ကို လက်စွဲပြီးခေါ်သွားတာ။ အဲနားမှာ မုန့်ဆိုင်ရောင်းတဲ့ အစ်မတွေ့တော့ အဲကလေးကိုခေါ်တော့ သူကအဲကလေးလက်ကို လွတ်ပြီး ထွက်ပြေးသွားတာ” ဒီဖြစ်စဥ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကလေးတွေကို ခိုးယူဖို့ကြံစည်နေသူ အမျိုးသမီးကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။
ကလေးငယ်တွေကို ခိုးယူသူတွေရှိနေတာကြောင့် ကလေးမိဘတွေအနေနဲ့ သတိထားကြဖို့ကိုလည်း လူမှုကွန်ယက်တွေပေါ်မှာ အချင်းချင်းသတိပေးတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာလည်း နမ့်ခမ်းမြို့မှာ ကလေးငယ်ပြန်ပေးဆွဲသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၁ ဦးကို PSLF/TNLA ဘက်က ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။