ရွှေဖီမြေ၊ ဩဂုတ် ၈ ရက်
စစ်ကောင်စီ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အပေါ် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA က မနေ့ ဩဂုတ် ၇ ရက်မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
UWSA ရဲ့ သဝဏ်လွှာထဲ သြဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ရောဂါဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာ ဝမ်းနည်းရပြီး UWSA နဲ့ ပြည်သူလူထုအားလုံးက ကျန်ရစ်သူ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရကြောင်း ရေးသားထားပါတယ်။
အလားတူ NDAA ကလည်း ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အကြောင်း ကြားသိရပြီး ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရသလို ယာယီသမ္မတ ဦးမြင့်ဆွေ ကောင်းရာသုဂတိ လားပါစေ ဆုတောင်းကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင် ၁ ထောင်မှာ ကုသမှု ခံယူရင်း ကွယ်လွန်သွားတာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားတာဖြစ်ပြီး နိုင်ငံတော်အဆင့် ဈာပန လုပ်မယ်လို့ ပြောဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။