မိုင်းရူပ၊ သြဂုတ် ၂ ရက်၊ မိုးကုတ်
ဒီနေ့ သြဂုတ်လ ၂ ရက် မနက်ပိုင်း ၈ နာရီ ၂၀ မိနစ်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူစုစုပေါင်း ၂၀ ကျော် ရှိလာတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ ဖြတ်သန်းသွားလာသူတွေ များနေချိန် စစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ များတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီအထိ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ဘုန်ကြီးတစ်ပါးအပါအဝင် သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး သေဆုံးသူအရေအတွက်လည်း ထပ်တိုးနိုင်ပါတယ်။
“ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတာ။ လမ်းသွားလမ်းလာတွေ ထိကုန်တာ။ ကျတာကလည်း လမ်းမပေါ်တည့်တည့်ဆိုတော့။ ဘုန်းကြီးတစ်ပါးလည်း ပျံလွန်တော် မူသွားတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဘက်က TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ မိုးကုတ်မြို့အပါအဝင် ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲမြို့တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ဆက်လက်မြှင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကာ နောက်ထပ် အမျိုးသား ၁၁ ဦးနဲ့ အမျိုသမီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်မနက်အစောပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ် (၂) ကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲခဲ့ပြီး အရပ်သား ၆ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေအပါအဝင် မြို့ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ သတိထားဖို့လည်း သတိပေးတာတွေ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။