မိုင်းရူပ၊ အောက်တိုဘာ ၁၇ ရက်
ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီကို ကူညီပေးခဲ့တာတွေ ရှိနေတယ်လို့ တအာင်းတပ်မတော် PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
နောင်ချိုတိုက်ပွဲမှာ တအာင်းတပ်ဘက်က လနဲ့ချီကြာ စစ်ကောင်စီထိုးစစ်ကို ခုခံနိုင်ခဲ့ပေမယ့် ကျောက်မဲနဲ့ သီပေါမြို့မှာတော့ SSPP က နယ်မြေလမ်းကြောင်းအရ ကူညီတာတွေ ရှိနေတာတွေကြောင့် တအာင်းတပ် TNLA က ရေရှည်ခုခံဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
သီပေါတိုက်ပွဲမှာ TNLA က ကျင်သီတံတားအနီးအပါအဝင် ဘော်ကြိုကျေးရွာမှာ ခံစစ်ပြင်ထားပေမဲ့ စစ်ကောင်စီက SSPP ထိန်းချုပ်ဒေသကနေ ပြန်ဝင်လာတာကြောင့် သီပေါမြို့ထဲကို အလွယ်တကူဝင်ရောက်လာနိုင်တာလို့ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျောက်မဲနဲ့ သီပေါမှာ SSPP ဘက်က စစ်ကောင်စီကို ကူညီပေးနိုင်တာရှိတော့ ကျွန်မတို့ စခန်းတွေ စစ်ကောင်စီက အမြန်ထိုးဖောက်ဝင်ရောက်နိုင်တာ ရှိတယ်။ သီပေါကို ကြည့်မယ့်ဆိုရင် ကျွန်မတို့က ကျင်သီမှာရော ဘော်ကြိုမှာရော ခံစစ်အနေနဲ့ ပြင်ထားတာရှိတယ်။ ဒါပေမယ့် စစ်ကောင်စီက SSPP ထိန်းချုပ်ထားတဲ့နေရာကနေ သွားလာခွင့်ရပြီးတော့ ကျွန်မတို့က စိန်ခေါ်မှုတွေ ရှိပြီးတော့ စစ်ကောင်စီက အသာစီးရတာမျိုးတွေ ရှိပါတယ်”
သီပေါမြို့တွင်းကနေ TNLA က တပ်ဆုတ်ပေးခဲ့ရပြီး သီပေါမြို့ပြင်မှာတော့ တအာင်းတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေတယ်လို့ လွေးယေဦးက ဆက်ပြောပါတယ်။
TNLA အနေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ဖို့ အားလုံးနဲ့ ပူးပေါင်းလိုပေမယ့် ပူးပေါင်းပါဝင်မှု အားနည်းတာကြောင့် တအာင်းဘက်က မြို့တွေကို ဆက်လက်ထိန်းချုပ်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ပြန်ရဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရာမှာလည်း ဂုတ်တွင်းချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်လမ်းကြောင်းကနေတစ်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
တအာင်းတပ် ထိန်းချုပ်ဒေသတွေကို ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီက SSPP က ကူညီနေတယ်ဆိုတဲ့ တအာင်းတပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
SSPP နဲ့ TNLA ဟာ မဟာမိတ်တပ်တွေဖြစ်ကြပေမယ့် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းမှာတော့ ၂ ဖက်တပ်အကြား နယ်မြေအငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားပြီး ပစ်ခတ်မှုတချို့လည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။