ဓာတ်ပုံ – SPM

By မိုင်းရူပ၊ ရွှေဖီမြေ

ရှမ်းမြောက် နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်စခန်းတွေ တည်ရှိရာ တောင်ခမ်းကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ၄ လကျော် ရှိနေပြီဖြစ်ပါတယ်။

တောင်ခမ်းကျေးရွာဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင် ရပ်စောက်-ကျောက်ဂူအစပ်က နောင်ချိုမြို့နယ်မှာ တည်ရှိပြီး စစ်ကောင်စီအတွက် လက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ အဆုံးအဖြတ်ပေးတဲ့နေရာ ဖြစ်သလို TNLA နဲ့ ပူးပေါင်းအတွက် စစ်ရေးအရ အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။

တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်-အပါအဝင် အမြောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချထားတာ ဖြစ်ပါတယ်။

တောင်ခမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လ တတိယအပတ်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လပိုင်းအကြာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၂၀၆ နဲ့ ၄၀၆ တပ်ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ စစ်အင်အားတွေ ဖြည့်တင်းလာပြီး လေကြောင်းနဲ့ ဒရုန်းတွေကို အသုံးပြုကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ၂၀၆ နဲ့ ၄၀၆ တပ်တွေကို ပြန်လည်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ တောင်ခမ်းရှိ စစ်တပ်စခန်းအားလုံးကို စစ်ကောင်စီကပဲ ပြန်လည်ထိန်းချုပ်ထားပါတယ်။

တောင်ခမ်းတိုက်ပွဲ ကြာရှည်ရခြင်းဟာ စစ်ကောင်စီတပ်က မြေပြင်စစ်အင်အား ပို့ဆောင်နိုင်သလို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကိုလည်း ပိုမိုလုပ်ဆောင်လာနိုင်တာကြောင့်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပဲ။ စစ်ကောင်စီရဲ့ ဒရုန်းတွေက ပိုကောင်းလာတာ တွေ့ရတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပဲ” လို့ တောင်ခမ်းတိုက်ပွဲအခြေအနေကို ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

တောင်ခမ်းရှိ စစ်ကောင်စီတပ်စခန်းတွေမှာ ခံစစ်အခိုင်အမာ ပြုလုပ်ထားပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတဲ့ အခြေအနေမှာလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တိုက်ပွဲကြာလာတာနဲ့ နှစ်ဖက်အထိအခိုက် အကျအဆုံးများလာပြီး TNLA နဲ့ ပူးပေါင်းတွေဘက်က တပ်ဖွဲ့ဝင်တချို့လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရတယ်လို့ ဆိုပါတယ်။

တောင်ခမ်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဟန့်တားတိုက်ခိုက်နေတဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်တော် DPLA ကလည်း ဒီရက်ပိုင်းအတွင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ DPLA တပ်တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

တောင်ခမ်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို DPLA က ကြားဖြတ်တိုက်ခိုက်နေတာကြောင့် တောင်ခမ်းဘက်ကို စစ်ကူပို့ဖို့ ခက်ခဲသွားနိုင်ပေမယ့် အပြည့်အဝ ဟန့်တားနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီဘက်က မြေပြင်အင်အားဖြည့်တဲ့အခါမှာ အခက်အခဲဖြစ်တာမျိူး ရှိတယ်။ ဒါပေမယ့် လုံးဝစစ်အင်အား မဖြည့်တင်းနိုင်တာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ လေကြောင်းကနေလည်း စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတာတွေရှိတာ တွေ့ရတယ်”

ရပ်စောက်-ကျောက်ဂူလမ်းကြောင်းဟာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်အင်အားတွေ ဖြည့်တင်းနေတဲ့ အဓိကလမ်းကြောင်းဖြစ်ပါတယ်။

TNLA တပ်ဘက်တော့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲအခြေအနေတွေကို ထုတ်ပြန်လာတာ မတွေ့ရတော့ပါဘူး။

စစ်ကောင်စီတပ်ဘက်လည်း တောင်ခမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမရှိဘဲ စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တောင်ခမ်းတိုက်ပွဲရုပ်သံတွေ မကြာခဏထုတ်ပြန်ထားတာ တွေ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ခမ်းရှိ တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ခဲ့ရင် စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တာကြောင့် အပြင်းအထန် ခုခံနေတာလို့ စစ်ရေးအကဲခက်တွေက သုံးသပ်ကြပါတယ်။

နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ကြားရှိ ဂန့်ကော်နဲ့ အုမ္မတီးကျေးရွာအနီးတစ်ဝိုက်တွေမှာလည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး စစ်ကောင်စီနဲ့ TNLA၊ ပူးပေါင်းတပ်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နောင်ချိုမြို့ကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက် စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တောင်ခမ်းတိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။