မိုင်းအရှိုင်း၊ စက်တင်ဘာ ၁၉ ရက်၊ သိန္နီ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကို ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းထွက်ထားပေမယ့် အဲဒီဝန်ထမ်းတွေ ဝင်ရောက်လာတာမရှိသေးဘူးလို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သူက “လောလောဆယ်တော့ ဘာမှမကြားသေးဘူးကော။ ဘာမှထူးခြားတာ မရှိသေးဘူး။ ဝင်မလာဘူးလို့ ပြောကြတာပဲ” လို့ ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့ကို စစ်ကောင်စီတပ်က သူကျင်းပမယ့်ရွေးကောက်ပွဲစာရင်းထဲ ထည့်သွင်းထားခြင်းမရှိပေမယ့် သိန္နီမြို့ပြန်လည်ရရှိရေးအတွက် ကိုးကန့်တပ် – MNDAA နဲ့ လားရှိုးမှာ မကြာခဏ တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။
ဆွေးနွေးမှုရလဒ်ကို မသိရပေမယ့် သိန္နီမြို့ပြန်ပေးရေး စစ်ကောင်စီရဲ့ တောင်းဆိုချက် ကိုးကန့်တပ်ဘက်က လက်ခံခြင်းမရှိသေးဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာလည်း MNDAA တပ်ဖွဲ့ဝင်တွေ စီးနှင်တဲ့အရပ်သားကား အစီးရေ ၄၀ ကျော်ဟာ တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့သို့ တက်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
သိန္နီမြို့ဟာ စစ်ရေးအရကော စီးပွါးရေးအရပါ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး မူဆယ်-မန္တလေး၊ ချင်းရွှေဟော်-မန္တလေးလမ်းတို့ ဆုံတဲ့ လမ်းမကြီးပေါ်တည်ရှိနေပြီး စစ်ရေးအရလည်း လားရှိုးမြို့လုံခြုံရေးအတွက် သိန္နီမြို့ဟာ အရေးကြီးတဲ့ မြို့တစ်မြို့အဖြစ် တည်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။