ရဲမာန်၊ ဇူလိုင် ၂၇ ရက်၊ ကျောက်ကြီး
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကုန်းနဲ့ လက်ပတ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအမှတ်-၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး JOC ရဲ့ အစီအမံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒို တပ်ရင်းနဲ့ KNLA တပ်ရင်း ၉ တို့က ပူးပေါင်းပြီး ရင်းတိုက်ကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
“ကျနော်တို့ တိုက်ပွဲကတော့ သန်းခေါင်ကျော်ပေါ့နော်။ ၂၅ ရက်နေ့ ၁နာရီ ၂နာရီဝန်းကျင်လောက်က စတိုက်ပြီးတော့ ၆နာရီလောက်ကျမှ စခန်းကိုရတာပေါ့နော်။ စခန်းမှာ သူတို့အင်အားကတော့ ၅၀ ကျော်ပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၂ စစ်ဆင်ရေးနယ်မြေပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကိုပြောပါတယ်။
၎င်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့မှ ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရရာရှိခဲ့တဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်ရဲ့ ခဲယမ်းတွေနဲ့အတူ စစ်သုံးဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ် လက်ပတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ် ၃၇၀၃ တပ်ရင်း၊ တောကျီးကန်းတပ်ရင်းနဲ့ KNLA တပ်ရင်း ၈ တို့က အလားတူ ဇူလိုင် ၂၅ ရက်မှာဘဲ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတပ်စခန်း ၂ ခုမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်က ၂ ဦးသေဆုံးပြီး ဒဏ်ရရှိသူတွေရှိခဲ့တဲ့အပြင် ၎င်းတိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မိသားစုဝင်တွေကိုပါ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။