ရွှေဖီမြေ၊ စက်တင်ဘာ ၂၂ ရက်၊ ဗန်းမောက်
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆ ရက်အတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဗန်းမောက်မြို့အတွင်းရှိ ရန်သူတပ်စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှစတင်တိုက်ခိုက်ခဲ့ပြီး ၂၀ ရက်အရောက်မှာတော့ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ ရည်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့် အခြေချနေထိုင်သော ကာကင်းကုန်း၊ မြစ်သေးချင်း၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာနဲ့ စက်တောရွာ စတဲ့နေရာတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတိုက်ပွဲအတွင်း ရန်သူဘက်မှ SNA ဗိုလ်တစ်ဦးအပါအဝင် အလောင်း ၇ လောင်းရရှိခဲ့ပြီး မိမိတို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၆ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတိုက်ပွဲအတွင်း ရန်သူထံမှ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနဲ့ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ ၁၀ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗန်းမောက်မြို့အတွင်းရှိ ရွှေချောင်း၊ ပင်းဟင်းခါးနဲ့ သာယာကုန်းရွာတို့မှာ ရန်သူဘက်မှ ကာကင်းထိုင်ထားပြီး အများစုကတော့ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာဘက်ကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။