မိုင်းရူပ၊ မေလ ၁၈ ရက်၊ ကွမ်းလုံ
၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားတဲ့ ရှမ်းမြောက် ကွမ်းလုံမြို့နယ်ရှိ ကွမ်းလုံတံတားဟောင်း ပြန်လည်ပြုပြင်ပြီး ကားသေးတွေ ဖြတ်သန်းသွားလာခွင့် ပြုနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံ-ချင်းရွှေဟော်ကို ဆက်သွယ်ထားတဲ့ ကွမ်းလုံတံတားဟောင်းကို MNDAA က ပြန်လည်ပြုပြင်ခဲ့ကာ ပြီးခဲ့တဲ့ မေလ ၅ ရက်ကစပြီး ကားသေးတွေကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
“မေလ ၅ ရက်ကတည်းက ဖြတ်သန်းခွင့်ပြုတာ။ ကားသေးတွေပဲ ရတာ။ ကားကြီးတော့ မရသေးဘူး” လို့ ကွမ်းလုံ-ချင်းရွှေဟော်ဘက် သွားလာနေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
MNDAA ဘက်ကတော့ ကွမ်းလုံတံတားဟောင်းကို ပြန်လည်ပြုပြင်ပြီးနောက် ဒေသခံတွေရဲ့ ခရီးသွားလာရေးအတွက် ပိုအဆင်ပြေလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကွမ်းလုံမြို့အပါအဝင် နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိတဲ့ ကွမ်းလုံတံတားဟောင်းကို MNDAA က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။