ယာရူစိင်၊ နိုဝင်ဘာ ၄ ရက်၊ မန်တုံ
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တအာင်းဒေသ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာနဲ့ နမ္မတူမြို့နယ်ကြား ဆက်သွယ်ထားတဲ့ နမ့်ရီးတံတားရေနစ်မြှုပ်လို့ ဖြတ်သန်းသွားလာလို့ မရသေးကြောင်း ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ် မိုးရွာသွန်းတာကြောင့် နမ့်ရီးတံတား နစ်မြှုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“မနေ့အထိတော့ ဖြတ်သွားလို့ ရသေးတယ်။ ရေက ဒီနေ့မှ တက်တော့ အဲကြောင့် ဖြတ်သွားလို့မရတော့ဘူး။ မနေ့ညက မိုး တအားကြီးတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာလည်း TNLA တပ်ဖွဲ့ဝင် ၂ ဦးဟာ နမ္မတူမြို့နယ်ကနေ မိုင်းဘော်ကျေးရွာဘက် ဆိုင်ကယ်နဲ့ ပြန်လာချိန် နမ့်ရီးချောင်းမှာ ဖြတ်ကူးနေစဥ် ရေထဲ မျှောပါပြီး သေဆုံးခဲ့ဖူးပါတယ်။
နမ့်ရီးချောင်းမှာ နှစ်စဥ် မိုးရာသီရောက်တိုင်း ဒေသခံတွေ နရနစ်သေဆုံးတဲ့ဖြစ်စဥ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ နမ္မတူမြို့ပေါ် မြို့မရပ်ကွက်မှာလည်း ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းက စတင်ပြီး ချောင်းရေ ကြီးလာမှုနဲ့အတူ နေအိမ်တချို့ ရေနစ်မြှုပ်သွားပြီး ရေ ဆက်ကြီးလာနိုင်လို့ နေအိမ်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။