လွေးဇွန်မိုး၊ အောက်တိုဘာ ၂၉ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ တအာင်းတပ် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်ထားပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီပေါမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်မှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပြီး မြို့ထဲက TNLA၊ PDF နဲ့ ဆက်စပ်တယ်လို့ ၎င်းတို့ ယူဆတဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကို လိုက်ချိတ်ပိတ်နေတာတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သီပေါထဲမှာ သူတို့စပြီး ချိတ်ပိတ်နေပြီ။ ဒါပေမယ့် ဘယ်ရပ်ကွက်မှာ ဘယ်နှစ်အိမ်ဆိုတာမျိုးတော့ မသိရသေးဘူး။ TNLA လက်ထက်တုန်းက ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်မယ်တဲ့။ လောလောဆယ်တော့ နာမည်အရမ်းထွက်တဲ့ဟာတွေ အရင်ပိတ်တာ”
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ နောက်ထပ်ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရဲ့နဲ့ စစ်တပ်တွေက အိမ်ရောက်ပြီး လာဝိုင်းတာ အိမ်ရှင်ကို ဖမ်းတာတဲ့။ လွတ်တဲ့သူလည်း လွတ်လာခဲ့တယ်။ ၁၀ ကျော် ဖမ်းခံရတာ။ ဒီလိုဆက်ဖြစ်သွားရင် ပြည်သူတွေက မနေရဲတော့ဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၀ ဦးနဲ့ ချိတ်ပိတ်ခံရတဲ့ နေအိမ်၊ ဆိုင်ခန်း ၄၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ကျောက်မဲမြို့မှာလည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်တချို့ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေစီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။