မိုင်းရူပ၊ သြဂုတ် ၃ ရက်၊ သပိတ်ကျင်း
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာ ၄ ရွာထက်မနည်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံး ၃ ရက်ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် ညပိုင်းမှာ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဇနီးမောင်နှံ ၂ ဦးနဲ့ ၎င်းတို့ရဲ့ သားဖြစ်သူ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးပါတယ်။
မနေ့ သြဂုတ် ၂ ရက် နေ့လည် ၁၁ နာရီဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ သြဂုတ် ၃ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ချောင်းကြီးကျေးရွာထဲကို စစ်တပ်ဘက်က လေယာဥ်နဲ့ ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦး ထပ်မံဒဏ်ရာရခဲ့ပါတယ်။
“အခုကြဲတဲ့နေရာတွေက တိုက်ပွဲဖြစ်တာ မရှိဘူး။ အရပ်သားတွေကိုပဲ ကြဲတာ။ ဒီနေ့ မနက် ချောင်းကြီးရွာကိုကြဲတာ ၄ ယောက် ဒဏ်ရာရတယ်။ ၃ ရက်အတွင်းကို သပိတ်ကျင်းကြဲတာ ၄ ကြိမ်၊ ၅ ကြိမ်လောက်ရှိပြီ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ သြဂုတ် ၃ ရက် မနက်အစောပိုင်း ၅ နာရီခွဲဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ် ညောင်ပင်ကျေးရွာထဲကို စစ်တပ်က လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်မှာ သပိတ်ကျင်းမြို့ပေါ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ကျေးရွာပိုင်းအများစုတွေမှာတော့ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်အပါအဝင် မန္တလေးတိုင်းထဲက ၎င်းတို့ လက်လွှတ်ထားရတဲ့ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူးမြို့နယ်တွေထဲကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
မနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းမှာလည်း တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။