ရွှေဖီမြေ၊ ဩဂုတ် ၂၀ ရက်၊ တန့်ယန်း
တအာင်းတပ်မတော်- TNLA နဲ့ ကိုးကန့်တပ်- MNDAA ရဲ့ အုပ်စိုးမှု မရှိတဲ့အပြင် တိုက်ပွဲလည်း ဖြစ်ပွားမှုမရှိတဲ့ ရှမ်းမြောက် တန့်ယန်းမြို့ထဲ စစ်တပ်ရဲ့ ခိုင်းစေမှုနဲ့ မသိနားမလည်တဲ့ လူထုတွေကို ခေါ်ယူပြီး ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ ဆန္ဒပြခိုင်းခဲ့တယ်လို့ တန့်ယန်းမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ TNLA နဲ့ MNDAA တို့ ရှမ်းပြည်နယ်မှ အမြန်ဆုံး ထွက်ခွာပေးရေးဆိုတဲ့ ကြွေးကြော်သံနဲ့ အော်ဟစ်ခိုင်းပြီး ဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“အခုလို ဆန္ဒပြဖို့ကို အထက်ကညွှ န်ကြားလို့ဆိုပြီး ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့ပေါ် ၁၀ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက်ကို ရပ်ကွက်အတွင်း နေထိုင်သူ လူ ၃၀ ခေါ်စုခိုင်းပါတယ်။ ရပ်ကွက် ၂ က ကျယ်တော့ လူ ၅၀ ဦးအထိ ခေါ်ခိုင်းတယ်။ သူတို့နဲ့ အလျဉ်းသင့်သူနဲ့ သူတို့နိုင်လို့ရတဲ့ မသိနားမလည်သူတွေကို ရွေးခေါ်ကြတယ်။ ဆန္ဒပြဖို့ သွားတဲ့အခါ မနက်စာ စားဖို့ဆိုပြီး လူတစ်ဦးကို ငါးထောင်ကျပ် ပေးတယ်လို့လည်း သိရတယ်” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဆန္ဒပြဖို့ မြို့မဈေးအတွင်းက ဈေးရောင်းနေတဲ့ ဈေးသည်တွေကိုလည်း အကြောင်းကြားပြီး ဆန္ဒပြတာ မလိုက်ရင် ဈေးဆိုင်တစ်ဆိုင်ကို ဒဏ်ငွေ ငါးသောင်း ပေးရမယ်လို့လည်း ခြိမ်းခြောက်ပြီး လက်ရှိမှာတော့ ဆိုင်တန်းနှစ်တန်းစာလောက်ကိုဘဲ စတင်ခေါ်ယူနေကြောင်း ဈေးရောင်းနေသူတစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲကို ဒီနေ့မနက် ၈ နာရီမှာ မော်တော်ယာဉ်ရုံးကနေ မြို့မဈေးအနီးက အောင်မင်္ဂလာရင်ပြင်အထိ မြို့အတွင်း လှည့်ပတ်ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
“ဒီဆန္ဒပြပွဲက တန့်ယန်းပြည်သူလူထုကို ဘာတစ်ခုမှ အကျိုးမပြုတဲ့အပြင် စိတ်တောင်ရှုပ်ရပါသေးတယ်။ အခုက ဒီဒေသမှာ တိုက်ပွဲ ဖြစ်နေတာလည်း မဟုတ်ဘူး။ သူတို့ ထွက်သွားခိုင်းနေတဲ့ TNLA နဲ့ MNDAA ဆိုတဲ့ အဖွဲ့တွေလည်း ဝင်စိုးမိုးနေတဲ့ နေရာလည်း မဟုတ်ဘဲနဲ့ ဒေသတွင်းက ပြည်သူတွေ အလုပ်မရှုပ်ရှုပ်အောင် တိုင်းရင်းသားအချင်းချင်း သွေးမကွဲကွဲအောင် အလုပ်မရှိ အလုပ်ရှာလုပ်နေတယ်လို့ပဲ မြင်ပါတယ်” ဆိုပြီး ရပ်ကွက် ၂ မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လူထုရဲ့ဆန္ဒအမှန်ကို တကယ်ထုတ်ဖော်ခွင့် ပေးမယ်ဆိုရင် လူထုကို ဒုက္ခအကြီးအကျယ် ပေးနေတဲ့ ခိုးဆိုးလုယက်မှု ကင်းရှင်းရေး၊ နေရာအများစုမှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ လမ်းတွေ ပြုပြင်ပေးရေး၊ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ လာဘ်စားမှု ပပျောက်ရေး၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးအပြင် တခြားပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တိုးတက်ဖို့အရေးကိုသာ ဆန္ဒဖော်ထုတ်ချင်ကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တန့်ယန်းမြို့ပေါ်ရပ်ကွက်မှာ ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၄၉ အုပ်စုရှိပြီး ကျေးရွာစုစုပေါင်း ၆၀၁ ရွာ ရှိတယ်လို့ သိရပါတယ်။
ကျန်တဲ့ မြို့မြောက်ဘက်ခြမ်းက ကျေးရွာတွေဘက် ဝတပ်ဖွဲ့- UWSA နဲ့ မြို့ရဲ့ တောင်ဘက်ခြမ်းကိုတော့ ရှမ်းတပ်- SSPP/SSA က ထိန်းချုပ်ထားပြီး တချို့နေရာမှာ စစ်တပ် လက်အောက်ခံ မိုင်းဟပြည်သူ့စစ်၊ လားဟူလှုပ်ရှားရဲနဲ့ မန်ပန်ပြည်သူ့စစ်လည်း ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။