ယာရူစိင်၊ ဩဂုတ် ၃ ရက်၊ သီပေါ
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၃ ရက် နေလယ် ၂ နာရီခွဲဝန်းကျင်မှာ သီပေါမြို့ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းဟောင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၃ ) တပ်စခန်းထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“၄ လုံးကြဲသွားတာ။ လူအထိအခိုက်တော့ မရှိဘူးပေါ့။ ဓမ္မာရုံဘေးမှာ ၁ လုံးကျတယ်။ ခန်းမပေါ် တည့်တည့် ၁ လုံးကျတယ်။ ခန်းမဘေးက လမ်းမပေါ်မှာ ၁ လုံးကျတယ်။ ၃ လုံးက တပ်ထဲကျတာ။ ၁ လုံးကျ ရွာသစ်ဘက်ကျတာ။ အဲတစ်လုံးတော့ မကွဲသေးဘူးပေါ့”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ခလရ-၂၃ တပ်ထဲရှိ ခန်းမကြီးနဲ့ ခန်းမဘေးရှိ အဆောက်အဦး ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
သီပေါမြို့ကို တစ်လကျော်အတွင်းမှာတင် စစ်တပ်က လေကြောင်းကနေ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦး ၁၁ လုံးနဲ့ နေအိမ် ၁၀ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ကာ ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ ဩဂုတ်လ ၂ ရက်မှာလည်း မိုးကုတ်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။