မိုင်းရူပ၊ မေလ ၇ ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့ မေလ ၆ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ပိုင်းကို ဂျက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“လေယာဉ်နဲ့ ၂ ခါ လာကြဲတယ်။ ရပ်ကွက်ထဲ ကျမှာပေါ့။ ဗုံးအလုံးရေကတော့ များတယ်။ အဆိပ်ငွေ့ပါ ကြဲတာ။ မနက် ကျမတို့ သွားကြည့်တဲ့အချိန်မှာ အဲမှာနေတဲ့သူတွေ အော့အန်တာတွေ ရှိတယ်” လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။
ဒီးမော့ဆိုအနောက်ပိုင်းဟာ ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
စစ်တပ်က မနေ့ မေလ ၆ ရက်ကနေ မေလ ၃၁ ရက်အထိ အပစ်ရပ်ကာလ ၁ လ ထပ်တိုးထားကြောင်း ထုတ်ပြန်ထားပေမဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသကို လေကြောင်း တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်နေဆောင်ပါတယ်။