ယာရူစိင်၊ ဇူလိုင် ၂၇ ရက်၊ နွားထိုးကြီး
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နွားထိုးကြီးမြို့နယ် မျက်ရှုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ကြဲတာကတော့ ၃ ကြိမ်လာကြဲသွားတာ။ ထိခိုက်သေဆုံးမှုတွေတော့ ပထမတစ်ကြိမ်လာကြဲသွားတဲ့ အချိန်မှာ ရကြတာပါ။ သေဆုံးတာ ၆ ယောက် ဒဏ်ရာရတာ ၆ ယောက် စုစုပေါင်း ၁၂ ယောက်ပါ။ မျက်ရှုရွာဘက်မှာက တိုက်ပွဲဖြစ်ပွါးတာလည်း မရှိပါဘူးဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် (အမျိုးသား) ၂ ဦးဖြစ်ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဇူလိုင် ၂၆ ရက်မှာတင် မကွေးတိုင်း ပေါက်မြို့နယ် စံဖဲကျေးရွာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ နောင်ချိုမြို့နယ်နဲ့ မိုးကုတ်မြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။