ယာရူစိင်၊ အောက်တိုဘာ ၁၅ ရက်၊ သီပေါ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့အနီး ခါလိန်ရွာအထိ ရောက်ရှိလာပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လေကြောင်းကနေလည်း Y12နဲ့လည်း ဆက်တိုက်ဗုံးကြဲနေတာ။ မြို့ထဲထိတော့ စစ်ကောင်စီဘက်က ဝင်ရောက်ခြင်းမရှိသေးပါဘူး”
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နားခဲကျေးရွာဟာ သီပေါမြို့နဲ့ ၂ မိုင်ဝန်းကျင်သာ ကွာဝေးပြီး မန်ဟဲရွာအပါအဝင်စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်က ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေဟာ စစ်ကောင်စီတပ်က သီပေါမြို့ကို ပြန်ရဖို့နီးစပ်နေပြီး သီပေါမြို့ကို လက်လွှတ်ခဲ့ရရင် တအာင်းတပ်က ထိန်းချုပ်ထားတဲ့ မြို့နယ်ထဲက လက်လွှတ်ခဲ့ရတဲ့ မြို့ ၃ မြို့မြောက် ဖြစ်လာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ရပြီးနောက် ကျောက်မဲမြို့ဘက် ထိုးစစ်ဆင်ကာ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ဘက်ကို ဆက်တိုက် ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မနေ့ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာလည်း သီပေါမြို့နယ် နားလွယ်၊ နမ့်ဟူးနွဲ့၊ ခါလိန်၊ မန်ဟဲနဲ့ ဂေါတန်ရွာအပါအဝင်စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်က Y-12နဲ့ ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ တအာင်းတပ် ထိန်းချုပ်ဒေသအများအပြားကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ၂ပတ်အတွင်း သေဆုံးသူ ၃၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။