မိုင်းရူပ၊ နိုဝင်ဘာ ၂၉ ရက်၊ မိုးကုတ်
မနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စတင်ဝင်ရောက်နေပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“TNLA က မနေ့ကစပြီးတော့ စကစကို မိုးကုတ်မြို့ထဲ စသွင်းနေပြီ။ PDF တွေကို မြို့ထဲကနေ ထွက်ခိုင်းတယ်။ မြို့အဝင်အထွက် ပိတ်ပြီးတော့ စကစဘက်က စဝင်နေပြီပေါ့” လို့ ဆိုပါတယ်။
မိုးကုတ်မြို့တွင်းထဲက မြို့ခံအားလုံးနီးပါးတော့ မြို့ပြင်နဲ့ တခြားနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သူက ဆက်ပြောပါတယ်။
မြို့ထဲရှိ တခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း နိုဝင်ဘာလ ၂၇ ရက်ကစပြီး မြို့ပြင်နေရာတွေမှာ တပ်ဆုတ်ထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ နိုဝင်ဘာ ၂၈ ရက်ကစပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့အဝင်အထွက်တွေကို TNLA ဘက်က စပိတ်ခဲ့ပြီး စစ်ကောင်စီဘက်က နောင်ချို- မိုးကုတ်လမ်းပိုင်းကနေတစ်ဆင့် မြို့ထဲကို ဝင်လာနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး တအာင်းတပ်ဖက်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။