ရွှေဖီမြေ၊ ဩဂုတ် ၁၉ ရက်
၄ နှစ်ကျော်ကြာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။
မဲစနစ် ၃ မျိုးဖြစ်တဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ်- FPTP၊ ရောနှောကိုယ်စားလှယ် အချိုးကျစနစ်- MMP၊ အချိုးကျ ကိုယ်စားပြုစနစ်- PR နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်- UEC က မနေ့ သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကို တော်လှန်ရေးတပ် သိမ်းပိုက်ထားတဲ့ မြို့တွေအပါအဝင် မြို့နယ်ပေါင်း ၃၃၀ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် မြို့တွေထဲ တအာင်းတပ်မတော်- PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်၊ မိုးကုတ်နဲ့ ကိုးကန့်တပ်မတော်- MNDAA သိမ်းပိုက်ထားတဲ့ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တို့ ပါဝင်နေပါတယ်။
ဒါ့အပြင် ကချင်တပ်မတော်- KIA သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်နဲ့ “ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဝိုင်၊ ဟိုပန်မြို့နယ်မှာလည်း ကျင်းပမယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။