ပို့လဘား၊ ဩဂုတ် ၇ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိမ့်ဝင်နေတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က PSMS စနစ်ကို အသုံးပြုပြီး စစ်ဆေးကာ ဖမ်းဆီးတာတွေ ပြုလုပ်သွားမယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က တောင်ကြီးမြို့မှာ People Surveillance and Management System- PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ မြို့အဝင်အထွက်၊ ကားဂိတ်၊ စစ်တပ်ဂိတ်တွေမှာ စစ်ဆေးမယ်လို့ တောင်ကြီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
PSMS ဆိုတာ CCTV၊ လက်ဗွေ၊ မျက်စိ Scan ဖတ်တာတွေကနေ လူတွေကို လိုက်ရှာတဲ့ Click တစ်ချက် နှိပ်လိုက်တာနဲ့ လူတစ်ဦးရဲ့ အချက်အလက်တွေကို အမြန်ဆုံး သိစေနိုင်တဲ့စနစ် ဖြစ်ပါတယ်။
တောင်ကြီးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှာ လာရောက် တည်းခိုသူရဲ့ အချက်အလက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေဆီမှာ စနစ်တကျ ပေးပို့ရမှာဖြစ်ပြီး မြို့အဝင်အထွက်နဲ့ ကားဂိတ်၊ ယာဉ်လိုင်းကနေ လိုက်လာသူကိုလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က PSMS စနစ်နဲ့ စစ်ဆေးမေးမြန်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကလော အဝင်မှာရော ရွာငံဖက်ရော သူတို့ စဝင်နေပြီ။ သူတို့ထိန်းထားတဲ့ နယ်မြေတွေမှာ သူတို့အတွက် လုံခြုံရေးဘာညာသဘောပဲ။ ပြီးတော့ ငွေညှစ်ဖို့ပေါ့။ ငွေလိမ်တောင်းတာတွေ ရှိမယ်။ သူတို့တောင်းတဲ့ငွေ မပေးမချင်း သူတို့ဂိတ်မှာ ပေးမဖြတ်တာတွေ ချုပ်နှောင်ခံရတာတွေလည်း ဖြစ်လာနိုင်တယ်။ သူတို့က PSMS နည်းပညာကို အဓိက အသုံးပြုပြီး လိုအပ်ရင် လိုအပ်သလို ဖမ်းဆီးတာတွေ လုပ်မယ်။ အဲဒီဟာက Without ကားစီးရင် အသိမ်းခံရတဲ့သဘောမျိုးနဲ့ တူပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဟိုတယ်၊ တည်းခိုခန်းမှာ လာရောက်တည်းခိုသူရဲ့ ကိုယ်ရေးအချက်အလက်ကိုလည်း မှန်ကန်စွာ စစ်ဆေးမှု ခံယူပြီး မော်တော်ယာဉ်လိုင်းမှာရှိတဲ့ ဂိတ်မှူးက မော်တော်ယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်ကို သေချာစီစစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းထံ ပေးပို့ရမှာဖြစ်တယ်လို့ ထွေအုပ်ဘက်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဟိုတယ်ပိုင်ရှင်၊ ယာဉ်လမ်းပိုင်ရှင်တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီး တည်းခိုသူရဲ့ အချက်အလက်ကို ပေးပို့ရမှာဖြစ်ပြီး လာရောက် စစ်ဆေးတဲ့အချိန်မှာလည်း အသာတကြည် စစ်ဆေးခံဖို့ မလိုက်နာတဲ့သူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်စာ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။