မိုင်းရူပ၊ ဇူလိုင် ၂၃ ရက်၊ သပိတ်ကျင်း
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီတပ်ဘက်က မနေ့ ဇူလိုင် ၂၂ ရက်မှာ ပြန်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ည ၇ နာရီလောက် စကစတွေ ရသွားတာ။ သပိတ်ကျင်းကတော့ ကျဖို့ များသွားပြီ။ တော်လှန်ရေးတပ်တွေဘက်က ပြန်တော့ တိုက်နေတယ်” လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း သပိတ်ကျင်း ပြည်သူ့ဆေးရုံ၊ မီးသတ်၊ မြို့တော်ခန်းမ စတဲ့နေရာတွေမှာ စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြနေကြပါတယ်။
သပိတ်ကျင်းမြို့ကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်တွေကတော့ သပိတ်ကျင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လထဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း အမှတ် ၁၃၊ ၇ မိုင်နဲ့ ကျောက်ကြီးရွာ တပ်စခန်းတို့ကိုတော့ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။
စစ်တပ်ဟာ သပိတ်ကျင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ရင် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဆက်လက် ထိုးစစ်ဆင်နိုင်တယ်လို့ သုံးသပ်မှု ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။