Pali, ဇူလိုင်လ ၂၇ ရက်
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမခံရတဲ့ စစ်ကောင်စီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မြန်မာပို့ကုန် အခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ့်အစီအစဉ်ဟာ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့အပြင် ပြည်သူတွေ နစ်နာပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းကိုထောက်ခံတဲ့ လောဘီချန်နယ်တွေက အမေရိကန်က အသိအမှတ်ပြုပြီလို့ဆိုပြီး ဂုဏ်ယူနေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံ (၁၄) နိုင်ငံမှ ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်မယ့် အကြောင်းကြားစာ ပေးထားခဲ့ပါတယ်။
အဲဒီအကြောင်းကြားစာ ပေးပို့မှုကို စစ်ကောင်စီအနေနဲ့ သံတမန်ရေးအရ အသိအမှတ်ပြုတယ်လို့ ဂုဏ်ယူပြီး မင်းအောင်လှိုင်က သမ္မတဒေါ်နယ်ထရမ့်ထံ ဇူလိုင် (၉) ရက်နေ့က အခွန်လျှော့ချပေးရေး ဆွေးနွေးရန် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း စာပို့ပြီး ဂုဏ်ယူနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှ သံတမန်ရေးအရ အသိမှတ်အပြုမခံရတဲ့ အခြေအနေမှာ အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့် အကြောင်းကြားစာက စစ်ကောင်စီအတွက် ဂုဏ်ယူနေပြီး အမေရိကန်ရဲ့ အခွန်နှုန်း တိုးမြှင့်ကောက်ခံမယ့်အရေးနဲ့ပတ်သက်ပြီးတော့ မြန်မာကုန်စည်တွေကို ၁၀ မှ ၂၀ ရာခိုင်နှုန်း၊ အမေရိကန်ကုန်စည်တွေကို သုညမှ ၁၀ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြုထားကာ အဆင့်မြင့်ကိုယ်စားလှယ် စေလွှတ်ဆွေးနွေးမယ်လို့ မင်းအောင်လှိုင် ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက အမေရိကန်နိုင်ငံသို့ အဓိကပို့နေတဲ့ ကုန်သွယ်မှုမှ အထည်ချုပ်လုပ်ငန်းမှ အဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေကို ပို့ဆောင်နေကြောင်း၊ အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးတွေအပါအဝင် အလုပ်သမားများစွာ မှီခိုနေရတဲ့အတွက် အထည်ချုပ်လုပ်ငန်းက ထုတ်ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း အမေရိကန်က ကောက်ခံမယ်ဆိုပါက မိသားစုပေါင်းများစွာ၊ အလုပ်သမားပေါင်းများစွာ ထိခိုက်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ တစ်နှစ်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ကောင်စီအကြံပေး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာဇော်ဦးက မီဒီယာတွေကို ပြောကြားထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် အခွန်နှုန်းထား တိုးမြှင့်ခြင်းဟာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာကောင်းတဲ့ အခွန်နှုန်းထားဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံကို အခွန် ၄၄ ရာခိုင်နှုန်း ကောက်မယ်လို့ ကနဦး ထုတ်ပြန်ခဲ့ပေမဲ့ ဇူလိုင်လမှာ ၄၀ ရာခိုင်နှုန်းသာဖြစ်တယ်လို့ ထပ်မံပြောင်းလဲခဲ့ကြောင်း၊ စစ်ကောင်စီနဲ့ ထောက်ခံသူတွေက အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့် ကိစ္စကိုပင် သံတမန်ဆက်ဆံရေး ပြေလည်ပြီလို့ သုံးနှုန်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ NUG, PDF တွေကိုပါ ထိုးနှက်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း တွေ့ရှိရပါတယ်။
စစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှု မရရှိတဲ့အပြင် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုပါ မရှိတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခံနေရတဲ့ကြားမှ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်နေချိန် အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့်အပေါ် သံတမန်ဆက်ဆံရေး ကောင်းစရာ ဂုဏ်ယူနေတဲ့အတွက် အထည်ချုပ်လုပ်သားများအပါအဝင် ပြည်သူတွေက ပိုမိုဒုက္ခရောက်ကြရမှာဖြစ်တယ်လို့ စီးပွားရေး သုတေသီတွေ သုံးသပ်ထားကြပါတယ်။
အမေရိကန်အနေနဲ့ မြန်မာအပါအဝင် (၁၄) နိုင်ငံကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကောက်ခံမှာ ဖြစ်တဲ့အထဲ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကိုသာ အမြင့်ဆုံးအခွန် ၄၀ ရာခိုင်နှုန်းကောက်မယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်က မြန်မာနိုင်ငံကို စီပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး အဓိက မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတစ်ခုကိုသာ လက်ခံထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ အမေရိကန်တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေ ဆွေးနွေးမှုများပါ ရှိတဲ့ အခြေအနေတွေကို စစ်ကောင်စီအနေနဲ့ အခု အခွန်တိုးကောက်မယ်လို့ ပေးပို့တဲ့စာကို နိုင်ငံရေးအရ NUG ကို ထိုးနှက်ချင်တဲ့အတွက် အမေရိကန်နဲ့ အဆင်ပြေသယောင် တစ်ဖက်သတ်ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် မူဝါဒပိုင်း အပြောင်းအလဲတွေ ပြုလုပ်ရာမှာ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရခြင်းနဲ့အတူ လွတ်လပ်သောအာရှအသံ (RFA) သတင်းဌာန ရပ်သွားခဲ့ရပြီး အမေရိကန်အစိုးရရဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော VOA သတင်းဌာန ဝန်ထမ်းတွေကိုလည်း တာဝန်မှ ရပ်ဆိုင်းခဲ့ကြောင်း၊ လူ့အခွင့်အရေးအတွက် ထောက်ပံ့ငွေတွေကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းထောက်ပံ့မှုတွေကို International Rescue Committee (IRC) ရဲ့ ရပ်ဆိုင်းမှုနဲ့အတူ “ဒုက္ခသည် လက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့တဲ့ ဥပဒေ” ထုတ်ပြန်မှုအပါအဝင် ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်တွေကို အမေရိကန်ပြည်သူတွေကပါ ဝေဖန်မှုများ၊ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံကို ပို့တဲ့ မြန်မာ့ပို့ကုန်တွေကို အခွန်တိုးကောက်တဲ့ကိစ္စကို စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုသယောင် အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြထားတဲ့အပြင် နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းမဟုတ် အခွန်တိုးကောက်ချင်တဲ့အတွက် အကြောင်းကြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဇူလိုင် ၂၄ ရက်မှာ မီဒီယာတွေကို ပြောကြားထားပါတယ်။
Ref: Bhaskar English, CNN, The Guardian
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။