လွေးထွေး၊ အောက်တိုဘာ ၁၅ ရက်
ရှမ်းမြောက် တန့်ယန်းမြို့နဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့က ဒေသခံတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ လူဦးရေစာရင်း အတိအကျလာပေးဖို့ စစ်ကောင်စီက ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်မှာ တန့်ယန်းမြို့ ရပ်ကွက် ၆၊ ၇ နဲ့ မြို့အပြင်ရှိ လူနေအိမ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တချို့က ဝင်ရောက်ပြီး လူဦးရေစာရင်း အတိအကျကို ရုံးသို့ လာရောက်ပြောဆိုဖို့ ပြောကြားသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တာချီလိတ်မြို့မှာလည်း ဒေသခံမဟုတ်တဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အသက်ပြည့်ပြီးသား လူဦးရေစာရင်း သက်ဆိုင်ရာရုံးသို့ လာပေးဖို့ကို စစ်ကောင်စီနဲ့ ဌာနာဆိုင်ရာတွေက ပြောဆိုနေတယ်လို့ သိရပါတယ်။
”အစည်းအဝေးခေါ်ပြီး ရက် ၁၈၀ အထက်ဒီမှာနေပြီး အသက်ပြည့်တဲ့လူတိုင်းရဲ့ နာမည် လာပေးဖို့ပြောတယ်” လို့ တာချီလိတ်ရှိ ရွေ့ပြောင်းအလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့မှာလည်း လူဦးရေစာရင်းကို အောက်တိုဘာလကုန် နောက်ဆုံးထားပြီး လာပေးဖို့ ပြောဆိုထားတယ်လို ဆိုပါတယ်။
နောက်ထပ် အမျိုးသမီးတစ်ဦးလည်း “ကျွန်မတို့အိမ်ကို ဟိုတနေ့က ရောက်လာတယ်။ ရွေးကောက်ပွဲအတွက်တဲ့ လူလာစစ်တာတဲ့။ ရုံးကို လူစာရင်းအတိအကျလာပေးပါတဲ့လို့ ပြောသွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ထိန်းချုပ်ဒေသက လူထုတွေကို မဲပေးဖို့ ဖိအားပေး စည်းရုံးနေသလို တအာင်းတပ် TNLA ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါကိုလည်း ရွေးကောက်ပွဲပြုလုပ်မဲ့ စာရင်းထဲထည့်ထားပြီး လက်ရှိမှာ ကျောက်မဲမြို့ကို စစ်ကောင်စီတိုက်ခိုက်သိမ်းပိုက်ပြီး သီပေါမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့နယ်နဲ့ တိုင်းအများစုမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်နေပြီး လူသေဆုံးမှုတွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။