မိုင်းအရှိုင်း၊ စက်တင်ဘာ ၁၆ ရက်၊ မိုးကုတ်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို နောင်ချိုနယ်ကနေ ထိုးစစ်ဆင်ဖို့ ပြန်လည်စတင်နေပြီလို့ မြေပြင်မှာ ရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။
“မကြာသေးဘူး။ သူတို့ပြန်ထိုးလာတာ။ တအားကြီးတော့ မထိုးသေးဘူး။ သူတို့ (စကစ) ရတနာသိင်္ဂီကျော်ပြီး မိုင်းလုံတက်တဲ့ လမ်းမကြီးရောက်လာနေတယ်။”
အဲဒီထိုးတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ လူအင်အား ရာကျော်ရှိပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းကိုသာ အဓိက အသုံးပြုတိုက်ခိုက်တာလို့ဆိုပါတယ်။
“ဒီဘက်ကလည်း ဒရုန်းတွေပဲ သုံးသေးတာ။ တလျှောက်လုံးက တောင်တွေပဲလေ ဒီဘက်မာက။ မိုးမရွာရင်တော့ သူတို့ မထိုးရဲဘူး။ ဒရုန်းကြောက်လို့” လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို သိမ်းယူပြီးနောက် နောင်ချို-မိုးကုတ်လမ်းမဘက်ကို ထိုးစစ်ဆင်ပြီး ရပ်နားထားရာကနေ အခုထပ်မံ ထိုးစစ်ဆင်ဖို့ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းအချိန်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅ လုံးထိမှန်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။