ပျားကြီး၊ ဇူလိုင် ၁၅ ရက်၊ ညောင်ဦး
ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံညောင်ဦးမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လဆန်းပိုင်းကစတင်ပြီး ပုဂံနဲ့ ညောင်ဦးမြို့နယ်တွေမှာ အင်အားအလုံးအရင်းနဲ့ နေ့စဥ် စစ်ကြောင်းထိုးမှုတွေ၊ နေအိမ်မီးရှို့မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
“အရှေ့ အနောက် တောင် မြောက် ရွာစဥ်ပတ်ပြီး မီးရှို့နေတာ။ မည်းမည်းမြင်ရာပစ်လို့ အရင်ရက်ကလည်း လက်ထုပ်ရွာကတစ်ယောက် သေတယ်။ အခုက ဒီဖက်ညောင်ဦးဖက်မှာတင် ရွာ ၂၀ လောက်က ပြေးနေရပြီ။ စစ်ကြောင်းက အခုထိမရပ်သေးဘူး”လို့ ကျောက်ပြင်ကန်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ညောင်ဦးမြို့နယ်ထဲက ချောင်းရှည်၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ ယာတောကြီး၊ ပုဂံမြို့သစ်တောင်ဖက်က မအူပင်၊ ပျော်ဘွယ်စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒီနေ့အထိ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကြောင့် အနည်းဆုံး ကျေးရွာ ၅ ရွာက နေအိမ်ပေါင်း ၃၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက်က အခုထက်ပိုတိုးလာဖွယ်ရှိတယ်လို့ ညောင်ဦးမြို့ခံ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။
အဲဒီအပြင် အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ မိသားစုတွေဟာ ပုဂံဒေသကို ဘုရားဖူးခရီးစဥ် လာရောက်ဖို့ရှိနေတာကြောင့် ပုဂံမြို့သစ်နဲ့ ညောင်ဦးမြို့ပေါ်ကို လုံခြုံရေးတွေ တင်းကြပ်ထားတဲ့အတွက် ညနေ ၆ နာရီဝန်းကျင်ကစပြီး လမ်းပေါ်မှာ သွားလာနေသူ မရှိသလောက်နည်းပါးသွားတယ်လို့ ပုဂံမြို့သစ်က လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
လတ်တလောမှာ ပုဂံဒေသကို ခရီးသွားဧည့်သည် ဝင်ရောက်မှုလည်း မရှိသလောက်နည်းပါးခဲ့ပြီး ညောင်ဦးမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ စီးပွားရေးလုပ်ကိုင်သူတချို့သာ ကျန်ရှိနေတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။