ရွှေဖီမြေ၊ သြဂုတ် ၂၁ ရက်
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းအတွက် မြို့နယ် ၁၀၂ မြို့နယ် စာရင်းကို မနေ့ သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ် ပါဝင်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲ ရှမ်းပြည်နယ် ၁၂ မြို့၊ ရခိုင်ပြည်နယ် ၃ မြို့၊ ကရင်ပြည်နယ် ၃ မြို့၊ ကရင်နီပြည်နယ် ၂ မြို့၊ မွန်ပြည်နယ် ၅ မြို့နဲ့ ချင်းပြည်နယ် ၂ မြို့ ပါဝင်ပါတယ်။
တိုင်းဒေသကြီးထဲမှာတော့ ရန်ကုန်မှာ ၁၂ မြို့၊ တနင်္သာရီ ၄ မြို့၊ စစ်ကိုင်း ၁၂ မြို့၊ ပဲခူး ၈ မြို့၊ မကွေး ၉ မြို့၊ မန္တလေး ၈ မြို့၊ ဧရာဝတီ ၈ မြို့နဲ့ နေပြည်တော် ၈ မြို့နယ် ပါဝင်တာကို တွေ့ရပါတယ်။
ရှမ်းမြောက်မှာတော့ စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့၊ ကိုးကန့်တပ်ဘက်က စစ်တပ်ထံ ပြန်လွှဲပြောင်းပေးတဲ့ လားရှိုးမြို့နဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ မူဆယ်မြို့ ပါဝင်ပါတယ်။
ရွှေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပရမှာဖြစ်ပြီး ကျန်ဒေသတွေကို နယ်မြေလုံခြုံရေးအပေါ် မူတည်ပြီး အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ- USDP အပါအဝင် ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီ ၉ ပါတီ ရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD အပါအဝင် လူထုထောက်ခံမှုရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်- SNLD လို ပါတီကြီးကတော့ ဖျက်သိမ်းခံထားရပါတယ်။
စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကတော့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၎င်းတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရဖို့ ပြုလုပ်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။