မြတ်နိုး၊ မေ ၃ရက်၊ ဖားကန့်
ကချင်ပြည်နယ်၊ ဖားကန့်လမ်း နန့်ယား အနီးအထိ မေလ ၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ တွေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
“စစ်ကောင်စီ တပ်ဖွဲ့တွေ နန့်ယား ရောက်ခါနီးနေပြီလို့ သိရတယ်။ မနေ့ မေလ ၂ ရက်နေ့ နေလယ်ပိုင်းက တံတားညီနောင်မှာလည်း လေကြောင်းနဲ့ ဗုံးလာကြဲသွားတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖားကန့် ကံဆီးမှာရှိနေတဲ့ ဗျူဟာမှုး အပြောင်းလဲလုပ်တယ်လို့ ယူဆရတဲ့ ရဟတ်ယာဉ် ၂ စီး မနေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကျော်ခန့်က ရောက်လာပြီး တစ်စီးက ကင်းလှည့်ပေးပြီး တစ်စီးက မြေပြင် ဆင်းသက် လူချသွားတယ်လို့ ဆိုပါတယ်။
“ထိုးစစ်ဆိုတော့ အင်အားအလုံးအရင်းပဲ။ မနေ့ကတော့ မအူပင်နားလို့ သိရတာ ဒီနေ့တော့ နန့်ယားနား ရောက်တော့မယ်ဆိုတော့ ရွေ့တော့ ရွှေ့လာ နေကြပြီ။ မပိတ်ဆို့ နိုင်ရင်တော့ ရောက်မှာပဲ။ ဖားကန့်ဘက်လည်း အင်အားများတယ်လို့ပြောတယ်”လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အရင်လ ဧပြီ ၂၈ ရက်နေ့က ကာမိုင်းမြို့ဘက်ကနေ ဖားကန့်လမ်းဘက် လှုပ်ရှားစစ်ကြောင်း ထိုးလာခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က နန့်ယား အနီး နဲ့ နီးကပ် လာတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် မေလ ၁ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်ခန့်ကစ တနိုင်းလမ်းပေါ်ရှိ လဝါးရွာအနီးဘက်လည်း တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ တပ်ဖွဲ့ရဲ့ လဝါးရွာဆုတောင်းတောင် တပ်စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ကာ လက်နက် ခဲယမ်းတွေနဲ့ အလောင်း ၁၃ လောင်း အပြင် သုံ့ပန်း အရှင် ၁ ဦး ဖမ်းဆီး ရမိကြောင်း သိရတယ်လို့ ဆိုပါတယ်။
ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းကလည်း ကာမိုင်းမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ်မဟာ ၉ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ ဖားကန့် လမ်းမပေါ်ရှိ နန့်ယားရွာ အောက်နားက ရွာမှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးတာ ဖြစ်ပါတယ်။
လတ်တလော စစ်ကောင်စီ တပ်ဖွဲ့တွေက ဖားကန့်လမ်းကြောင်း၊ တနိုင်း လမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆက်တိုက် ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။