မိုင်းရူပ၊ ဇူလိုင် ၁၄ ရက်၊ ဒီးမော့ဆို
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံအချိန်မှာ ဂျက်လေယာဥ်နဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၄ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
“လေယာဥ်က နိမ့်နိမ့်လေးပဲ ပျံတာ။ ၃ ခေါက်လောက် လာကြဲသွားတယ်။ ဆေးခန်းနဲ့ နေအိမ်တွေ ပျက်စီးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး” လို့ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ တိုက်ပွဲကြောင့် စစ်ရှောင်တွေ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်မှာလည်း ဒီမော့ဆို့အနောက်ပိုင်းရှိ ရပ်ကွက်ထဲကို ဂျက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအငွေ့ရှူမိတဲ့ ဒေသခံအချို့ မူးဝေတာနဲ့ အော့အန်တာ စတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းတောင် – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာတော့ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။