မြတ်နိုး၊ အောက်တိုဘာ ၂၄
ကချင်ပြည်နယ်၊ ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော် မြို့နယ်တွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဖားကန့် KIA တပ်ရင်း ၆ နယ်မြေဘက်အောက်တိုဘာလ ၂၂ ရက်နေ့ည ၈ နာရီခွဲခန့်က စစ်ကောင်စီက လေကြောင်း ထပ်ဗုံးကြဲတယ်။ စစ်ကောင်စီက KIA တပ်ရင်း ၆ ကို မဲနေပုံရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း KIA တပ်ရင်း ၆ နယ်မြေ ဖားကန့် ကံစီးဘက် ထိတွေ့ တိုက်ပွဲမရှိပဲ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး အလုံး ၄၀ ဝန်းကျင်က ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
“မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က လန်ဆယ်ဘက် စစ်ကောင်စီတွေ ဗုံး ပြန်လာကြဲတယ်။ ဘယ်ကုမ္ပဏီမှာ ထိမှန်ပြီလဲ မသိသေးဘူး” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ထပ်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီက လန်ဆယ်ဒေသထဲ လေကြောင်းနဲ့ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း လန်ဆယ်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဈေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
“ဝိုင်းမော် လမြန်ဘက် အောက်တို့ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၄၀ လောက်ကတည်းက စစ်ကောင်စီတွေ လေကြောင်းနဲ့ မရပ်မနား ဗုံးကြဲနေတာ တဝုန်းဝုန်း ကြားနေရတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။
အခုလ အောက်တိုဘာလ ၂၁ ရက်နေ့ကစ စစ်ကောင်စီတွေဟာ KIO ထိန်းချုပ်ရာ တပ်ရင်း ၆ နယ်မြေနဲ့ လန်ဆယ်၊ ဝိုင်းမော် တွေဘက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက် နေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ပြည်သုတွေ ထိခိုက်၊ သေဆုံးမှုရှိကြောင်း The Kachin Net က သတင်းထုတ်ထားပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။