အိုက်ပွီး၊ အောက်တိုဘာ ၂၉ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တီးတိန်-တွန်းဇံ ကားလမ်းမအတိုင်း တွန်းဇံမြို့သို့ ဦးတည်ချီတက်နေတယ်လို့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့ ခလရ ၂၆၈ တပ်ရင်းကုန်း မှ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ အင်အားအများပြားဖြင့် တီးတိန်-တွန်းဇံ ကားလမ်းမအတိုင်း တွန်းဇံမြို့သို့ ချီတက်နေတာပါ။
စစ်ရေးအခြေအနေ စောင့်ကြည်သူ တီးတိန်မြို့ခံတစ်ဦးက “အင်အားအတိကျမသိပေမယ့် လက်နက်အင်အား၊ လူအင်အား အတော်များပါတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တီးတိန်-တွန်းဇံ ကားလမ်းပေါ်မှာရှိတဲ့ Zalui ချောင်းတံတားထိ ရောက်ရှိနေပြီး စစ်ကြောင်း ဆက်လက်ချီတက်တာမလုပ်သေးဘူးလို့ သိရပါတယ်။
“စစ်ကြောင်းက တံတားထိရောက်ပြီ။ ရှေ့ဆက် တိုးတာ မရှိသေးပါဘူး။ တွန်းဇံနဲ့တော့ ဝေးပါသေးတယ်။ ဘယ်ကို ရှေ့ဆက်မလဲဆိုတာ မသိရသေးဘူး”လို့ စစ်ရေးအခြေအနေစောင့်ကြည်သူ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီဟာ တီးတိန်မြို့ကို နှစ်ရက်ဆက်တိုက် လေကြောင်းကနေ တပ်အင်အားဖြည့်တင်းပြီးနောက် တွန်းဇံမြို့ကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
တွန်းဇံမြို့ဟာ ချင်းပြည်အစိုးရ (CC) ထိန်းချုပ်ထားသော မြို့ဖြစ်ပါတယ်။
အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ စာရင်းမှာ တွန်းဇံမြို့လည်း ပါဝင်တာကြောင့် စစ်ကောင်စီဟာ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးတာလို့ သုံးသပ်ကြပါတယ်။
“တွန်းဇံက ရွေးကောက်ပွဲ ကျင်းပမယ့်မြို့ထဲမှာပါတယ်။ အဲဒါကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တီးတိန်မြို့ကို အင်အားဖြည့်တင်းပြီး တီးတိန်မြို့ကနေ တဆင့် တွန်းဇံမြို့ကို စစ်ကြောင်း ထိုးလာနိုင်ပါတယ်”လို့ စစ်ရေးသုံးသပ်သူ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒီနေ့မနက်လည်း တီးတိန်မြို့ကို လေကြောင်းကနေ ထပ်မံ အင်အားဖြည့်တင်းမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ တီးတိန်မြို့မှာ စစ်ကောင်စီက တိုက်ပွဲမရှိပေမယ့် တပ်အင်အားဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာ၊ တပ်ရင်းထဲမှာ ခြေရှုတ်နေကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။