အိုက်ပွီး၊ ဒီဇင်ဘာ ၁၀ ရက်၊ ဖလမ်း
ချင်းညီနောင် (CB) သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ အင်အား (၃၀၀) ကျော်ပါတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ရောက်ရှိနေပြီလို့ ရှေ့တန်းစစ်ရေးသတင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကလေးမြို့နယ်မှတစ်ဆင့် ဝေဘူလ – ဖလမ်း ကားလမ်းအတိုင်း ဖလမ်းမြို့ကို ထိုးစစ်ဆင်တာဖြစ်ပြီး အခုခါမှာ မြို့နဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ Sumhrang ရွာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
“စစ်ကောင်စီ စစ်ကြောင်း ချီတက်လာတဲ့ လမ်းတလျှောက် နေ့တိုင်းထိတွေ့မှုရှိတယ်။ လက်နက်ခဲယမ်းတွေ၊ အလောင်းတွေ သိမ်းဆည်းရမိတာတွေ ရှိတယ်။ ဒါပေမဲ့ စစ်ကြောင်းက ဖလမ်းမြို့အနား မြို့နဲ့အတော်လည်းနီးကပ်တဲ့ နေရာမှာရောက်နေပါပြီ။” လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ဖလမ်းမြို့ကို ဝင်ရောက်ဖို့ စစ်ကောင်စီ စစ်ကြောင်းတွေ ချီတက်ရာ လမ်းတလျှောက်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် လမ်းတွေ ရှင်းလင်းပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“စစ်ကောင်စီဘက်က ဖလမ်းမြို့ထဲ ဝင်ဖို့အတွက် မနေ့က မြို့ပေါ်ရပ်ကွက်နဲ့ Sumhrang၊Tiphir၊ Mangkheng၊ Thanhniar စတဲ့ရွာတွေကို တစ်နေကုန် လေကြောင်း တိုက်ခိုက်တယ်။ ဒါကလည်း စစ်ကြောင်းထိုးဖို့ လမ်းရှင်းပေးတဲ့သဘောပါ။” လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလူနေအိမ် ထိခိုက်ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဖလမ်းမြို့ကို စစ်ကောင်စီက တီးတိန်မြို့နယ် သိုင်းငင်း – ဖလမ်း လမ်းကလည်း စစ်ကြောင်းတွေထိုးပြီး နေ့စဥ်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။