မိုင်းရူပ၊ ဇူလိုင် ၂၉ ရက်၊ စဥ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းအပါအဝင် နေရာ ၃ ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ရွှေဖီမြေ စုံစမ်းသိရှိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ ၂၄ မိနစ်မှာ စစ်ကောင်စီတပ်က လက်ပန်လှရဲစခန်းတွေကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အကျဉ်းသားတွေအပါအဝင် သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။
ရွှေဖီမြေကို ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ပန်လှရဲစခန်းအတွင်း သေဆုံးနေတဲ့အလောင်း ၁၀ လောင်းထက်မနည်း တွေ့ရပြီး အသေးစိတ်ကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေ ၄ နာရီ ၁၆ မိနစ်မှာ စစ်ကောင်စီတပ်ဟာ ရွှေပန်းတောကျေးရွာကိုလည်း ဗုံးထပ်ကြဲခဲ့ပြီး လင်မယား ၂ ဦး သေဆုံးခဲ့သလို ဇရပ်ကွင်းကျေးရွာကျေးကိုလည်း ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ပါတယ်။
“လက်ပန်လှရဲစခန်းကျတာ အထိအခိုက်ကများတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ရွှေပန်းတောရွာမှာ ကြဲတာက လင်မယားနှစ်ယောက် သေတယ်။ ဇရပ်ကွင်းဘက်လည်း ထပ်ကြဲသေးတယ်။ ဇရပ်ကွင်းက အထိအခိုက်မရှိဘူး” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇူလိုင် ၂၉ ရက်တည်းမှာပင် စဥ့်ကူးမြို့အပါအဝင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုင်းလုံမြို့ကိုလည်း လေကြောင်းနဲ့ တိုကိခိုက်ခံပြီး အရပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ဒီနေ့ ညနေပိုင်း ၅ နာရီခွဲမှာ မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချပြီး ဒေသခံ ၁ ဦးသေဆုံးကာ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မနက်ပိုင်းမှာလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။