ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လဲချား
ရှမ်းတောင် လဲချားမြို့နယ် နောင်လုံကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စု နောင်လုံကျေးရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂၀ ဦး အပါအဝင် ၎င်းတို့အသုံးပြုတဲ့ အဆောက်အအုံ၊ စတားလင့်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် လဲချားမြို့နယ် တပ်မောက်ကျေးရွာအနီးမှာလည်း ကျားဖြန်လုပ်ငန်းနဲ့ လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၅ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူတွေဟာ တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ၎င်းတို့ဟာ We Chat ကနေတဆင့် အလုပ်အကိုင်ရှာဖွေနေကြတာဖြစ်ပြီး တရုတ်နိုင်ငံကနေ “ဝ”ဒေသ ပန်ဆန်းမြို့ဘက်ကို တရားမဝင် ဝင်ရောက်လာပြီး အဲကနေတဆင့် မိုင်းရယ်နဲ့ လဲချားမြို့အတွင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဝင်ရောက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံဆီကို ပြန်လည်လွှဲပြောင်းပေးဖို့ စီစဉ်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။