အိုက်ပွီး၊ ဧပြီ ၂၁ ရက်၊ တမူး
စစ်ကိုင်းတိုင်း တမူးမြို့က လူမနေတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးက ဖြိုပြီး ပရိဘောဂပစ္စည်းတွေကို ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့က စစ်ဘေးရှောင်တွေ ပြန်လာကြဖို့နဲ့ လူမနေတဲ့ နေအိမ်တွေကို ဖြိုဖျက်သွားမယ်လို့ ပျူစောထီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြောဆိုထားပြီး အခုတော့ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တွေကို စတင်ဖြိုချနေတာ ဖြစ်ပါတယ်။
“အိမ် ဖြိုချနေတာ ၂၀ ကျော်သွားပါပြီ။ အခုလည်း ဆက်တိုက် ဖြိုချနေကြပါတယ်။ ပျုစောထီးနဲ့ ရပ်ကွက်ထဲက ပျူအသိုင်းအဝိုင်းတွေက ပေါင်းပြီး ဖြိုချနေတာ ဖြစ်ပါတယ်” လို့ ချောင်းနက်ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖြိုပျက်နေတဲ့ အိမ်တွေက သစ်၊ ပျဥ်၊ သွပ်နဲ့ တခြားတန်ဖိုးရှိတဲ့ ပရိဘောဂပစ္စည်းတွေကို ပျူစောထီးက ရောင်းချနေကြသလို ၎င်းတို့အိမ်တွေ ဆောက်လုပ်ရာမှာလည်း ပြန်လည်အသုံးပြုနေကြတယ်လို့ သိရပါတယ်။
“အိမ်ဖြိုတယ်ဆိုတာ သွပ်တွေ၊ သစ်တွေ၊ ပျဥ်တွေ ခွာပစ်ကြတာပါ။ အိမ်ကောင်းရွေးပြီး ခွာကြတယ်။ အဲဒါကို တခြားရပ်ကွက်တွေမှာ အဖွဲ့ရံပုံငွေအတွက်ဆိုပြီး ရောင်းချနေကြတယ်။ တချို့ကလည်း သူတို့အိမ်တွေမှာ ပြန်အသုံးပြုကြတယ်” လို့ ချောင်းနက်ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပျူစောထီးရဲ့ နေအိမ် ဖြိုဖျက်ရောင်းချမှုကြောင့် တမူးမြို့မ(၁၄) ချောင်းနက်ကြီးရပ်ကွက်မှ စစ်ဘေးရှောင် နေအိမ် ၂၀ ကျော်ထက်မနည်းဟာ ဖြိုဖျက်ခံရပါတယ်။
တမူးမြို့သိမ်းတိုက်ပွဲသတင်းနဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဒီနှစ်အစောပိုင်းကတည်းက မြန်မာ-အိန္ဒိယနယ်စပ်နဲ့ တခြားဘေးလွတ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။