အိုက်ပွီး၊ သြဂုတ် ၂၁ ရက်၊ တမူး
စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူငယ်တွေ စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပျူစောထီးက ဒီရက်ပိုင်းအတွင်း ရပ်ကွက်တွေမှာ စာရင်း ကောက်ယူကာ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
တမူးမြို့မှာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် လူထုတွေကို စည်းရုံးရေး မကြာခဏ ဆောင်ရွက်နေစဉ် တစ်ဖက်မှာလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ လူငယ်တွေကို စာရင်း ကောက်ယူပြီး ဖမ်းဆီးနေတာပါ။
စစ်ကောင်စီနဲ့ ပျူစောထီးက ၎င်းတို့ ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကွက်ထဲ လူငယ်တွေ စစ်မှုထမ်းဖို့ စာရင်း ကောက်ယူနေသလို ကျောင်းသားအပါအဝင် လူငယ်တချို့ဟာ ဖမ်းဆီးတာ ခံနေရပါတယ်။
“ရပ်ကွက်တစ်ခုစီမှာ လူငယ်ခုနှစ်ယောက်စီ ပေးရမယ်ပြောတယ်။ အဲဒီလို စာရင်း ကောက်ယူနေစဉ်မှာပဲ လူငယ်အတော်များများဟာ ဖမ်းဆီးတာ ခံရပါတယ်။ စစ်မှုထမ်းဖို့ ကောက်ယူသွားတဲ့ စာရင်းထဲမှာလည်း ကျောင်းသားတွေ အများအပြား ပါဝင်နေတယ်” လို့ တမူးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တမူးမြို့မှာ အရင်ကလည်း လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်ပေမဲ့ လအတန်ကြာ ရပ်သွားပြီးမှ လက်ရှိမှာ လူငယ်တွေကို ထပ်မံ ဖမ်းဆီးလာတဲ့အတွက် လူငယ်နဲ့မိဘတွေက စိုးရိမ်နေကြပါတယ်။
“အစတော့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့သူတွေ ပြန်လာကြဖို့ စစ်ကောင်စီက အစည်းအဝေး လုပ်ပြီး စည်းရုံးတယ်။ တိုက်ပွဲတွေကလည်း မရှိတော့ပါဘူးပေါ့။ ကိုယ့်အိမ်မှာ အေးဆေး နေလို့ရပြီဆိုပြီး ပြောတယ်။ ဒါကလည်း ရွေးကောက်ပွဲအတွက် စည်းရုံးတာပါ။ ဒါကြောင့် အတော်များများက ပြန်လာကြတယ်။ အခု စစ်မှုထမ်းဖို့ စာရင်းတွေ ကောက်လာပြန်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ စိုးရိမ်မှုတွေက မျိုးစုံပါပဲ” လို့ တမူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တမူးမြို့နယ် နန်းမွန်းတားကျေးရွာကို သြဂုတ် ၅ ရက်နေကစပြီး ထိုးစစ် ဆင်လာတဲ့အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တစ်ပတ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် တမူးမြို့အနီး စစ်တပ် တပ်စွဲထားတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာကြောင့် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
“ထိတွေ့မှုက နေ့တိုင်း ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆို တိုက်ပွဲတွေ ပြင်းထန်တယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြီး လေကြောင်းကနေ ပစ်ကူတိုက်ခိုက်ပေးနေတယ်။ တမူး ဆေးရုံမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ ဆေးကုမှု ခံယူနေတယ်” လို့ တမူးမြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တမူးခရိုင် မြို့သစ်မြို့နယ်မှာ ချင်းတွင်းအတိုင်း စစ်ကောင်စီတပ်က စစ်သင်္ဘောနဲ့ စစ်ကြောင်း ထိုးလာတဲ့အတွက် လူထုတွေဟာ အိန္ဒိယဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။