မိုင်းဖိူမ်းဆငဲ၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး
ကိုးကန့်တပ် – MNDAA က ကိုးကန့်ရိုးရာ “တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ စစ်သုံ့ပန်း ၅၀၀ ထဲက ၂၀၀ ဝန်းကျင်ကို MNDAA က စစ်ကောင်စီတပ်နဲ့ လားရှိုးမြို့ ဆင် ၂ ကောင် ဟိုတယ်မှာ တွေဆုံဆွေးနွေးမှုအပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
“ဟုတ်တယ် ခွဲပြီးလွှတ်ပေးတာ။ ၆ ရက်နေ့ကျရင် ၂၀၀ ကျော် ပြန်လွှတ်မယ်” လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းတွေဟာ အသက် ၄၅ နှစ်အရွယ်အထက်ရှိတဲ့ စစ်သုံ့ပန်းတွေဖြစ်ကြသလို ၂ နှစ်ပြည့်ရင် MNDAA က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ အကုန်ပြန်လွှတ်ပေးဖို့ စီစဉ်ထားတာ ကြားသိရတာကြောင့် ဘယ်လိုအကြောင်းဖြစ်ဖြစ် ပြန်မလွှတ်ပေးသင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
“ဝေဖန်တဲ့ သူတွေလည်း မှန်တယ်။ ကျနော်တို့ကတော့ မလွှတ်စေချင်ဘူး။ သူတို့ ဘာတွေညှိနှိုင်းပြီး ပြန်လွှတ်ပေးလဲတော့ မသိဘူး။ စကစ ဖမ်းထားတဲ့ ကျနော်တို့ ဘက်တော်သားတွေကျ အဲလိုညှိနှိုင်းမှုမျိုးနဲ့ ပြန်လွှတ်ပေးတာမှ မဟုတ်တာ။ တချို့ဆို တစ်သက်တစ်ကျွန်း ဘယ်အချိန်မှ ပြန်လွှတ်ပေးမယ် မသိသေးဘူး”
MNDAA က စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကို ပြန်လွှတ်ပေးပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီလကစပြီး ၎င်းတို့ ဖယ်ရှားပေးထားတဲ့ မယ်ဟန်ဂိတ်အပါအဝင် လားရှိုး – သီပေါကြားထဲမှာရှိတဲ့ ဂိတ်တွေမှာ ပြန်လည် အထိုင်ချခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။