မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်၊ လွိုင်ကော်
ကရင်နီပြည်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်မြို့သို့ ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုးဝင်း ရှိတဲ့နေရာကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ Brave Warriors for Myanmar- BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီမှာ ဒုစစ်ခေါင်းဆောင် ညစာစားပွဲ တက်ရောက်နေတဲ့ ကရင်နီပြည် ခန်းမထဲ ရှော့တိုက်ဒုံးနဲ့ ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)တပ်ထဲကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်တဲ့ ကရင်နီပြည်နယ်နေ့သို့ ဒုစစ်ခေါင်းဆောင် တက်ရောက်ခဲ့တယ်လို့ သိထားရတာကြောင့် ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာလို့ BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပြည်သူကို အနိုင်ကျင့်တဲ့ စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေမှန်သမျှ စိုးဝင်းလိုအဆင့်တောင် မလုံခြုံတော့ဘူးဆိုတာ ပြချင်တာပါ”
ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို BWM နဲ့အတူ Mountain Knight Civilian Defense Forces- MKCDF နဲ့ Anti Coup People’s Liberation Force- ACPLF တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဘက်တော့ လွိုင်ကော်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။