မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်၊ အမ်း

အာရက္ခတပ်တော်- AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တည်ရှိရာ အမ်းမြို့နယ်ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း အမ်းမြို့နယ် ဆင်ခုံတိုင်နဲ့ တောင်ဇောက်ရွာစခန်းကနေ မကွေးတိုင်း ငဖဲမြို့နယ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အရှို ချင်းကာကွယ်ရေးတပ်- CDF Asho နဲ့ ပူးပေါင်းတပ်က ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

CDF-Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက “ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်စခန်းကနေပြီးတော့ ထွက်ပြေးလာတာ။ ကျနော်တို့က ပိတ်ဆို့တိုက်ခိုက် ဖမ်းဆီးတာမျိုးလုပ်တာ ဖြစ်ပါတယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

ပိတ်ဆို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၁၁ ဦးအပြင် သေနတ် ၉ လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ထားပြီး စစ်တပ်ဘက်ကတော့ ငဖဲမြို့နယ်မှာ တပ်ဖွဲ့ဝင် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ခိုက်မှုကို CDF-Asho အပြင် မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းသွားမယ်လို့ CDF-Asho ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

“ကျနော်တို့ သတင်း ကြိုရထားလို့ လမ်းမှာ တားဆီးပြီး လက်နက်ချဖို့ ပြောတယ်။ သူတို့လည်း ပြန်လည် ပစ်ခတ်တာမရှိဘဲ အသာတကြည် လက်နက် ချပါတယ်။ စုစုပေါင်း ၁၁ ဦးပါ။ လက်နက်မျိုးစုံ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်”

ဇန်နဝါရီ ၃ ရက်ကလည်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်း စက်ရုံမှ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းကို CDF-Asho နဲ့ မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်သားတစ်ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Asho ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း အမ်းမြို့ရှိ နပခကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၇ ဦးကို သေနတ်မျိုးစုံ၊ လက်ပစ်ဗုံး၊ အီနာဂါ ဗုံးသီး၊ စစ်အသုံးအဆောင်နဲ့အတူ ငဖဲမြို့နယ်တစ်နေရာမှာ CDF-Asho က ဖမ်းဆီးရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။