ပျားကြီး၊ ဇူလိုင် ၃၁၊ နေပြည်တော်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ်ရယူထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ စစ်ကောင်စီကဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပေမဲ့ ပညာရေးဝန်ကြီးဌာနအမည်စာရင်းပါဝင်လာမှုမရှိတာကြောင့် ကမန်းကတမ်းနဲ့ နာရီပိုင်းအကြာမှာ နောက်ဆက်တွဲထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းချိန်ကတည်းက ၆ လတကြိမ်သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီကိုဖျက်သိမ်းပြီး အစိုးရအဖွဲ့သစ်ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
“အာဏာရှင်တိုင်းလုပ်လေ့ရှိတဲ့ ပညာတတ်သုတ်သင်ရေးလမ်းကို မင်းအောင်လှိုင်ကဆက်လျှောက်တဲ့သဘောပါပဲ။ အစိုးရအဖွဲ့အမည်စာရင်းကမှားလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ ဝန်ကြီးဌာနတခုလုံးကျန်ခဲ့တာကရည်ရွယ်ချက်ရှိရှိလုပ်တာလို့မြင်ပါတယ်”လို့အဆင့်မြင့်ပညာဦးစီးဌာနက အကြီးတန်းဆရာတစ်ဦးကပြောပါတယ်။
သမ္မတရုံးဝန်ကြီးဌာန ၄ ခုအပါအဝင် ဝန်ကြီးဌာနပေါင်း ၃၀ ကိုပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၃၁ ခုမြောက်ဝန်ကြီးဌာနအဖြစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ချောချောစိန်ကို ဝန်ကြီးအဖြစ်ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကိုတော့ နောက်ဆက်တွဲအဖြစ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ဆုတ်ကိုင်ထားပြီး ယာယီသမ္မတတာဝန်ကိုလည်းရယူထားတဲ့ မင်းအောင်လှိုင်ဟာ အနီးကပ်လူယုံတဦးဖြစ်တဲ့ ညိုစောကိုလည်း ဝန်ကြီးချုပ်ရာထူးအပြင် စီမံကိန်းဝန်ကြီးရာထူးကိုပါ ပူးတွဲပေးအပ်ခဲ့ပါတယ်။
အဲ့ဒီအပြင် နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကိုလည်း တဆက်တည်းဖွဲ့စည်းခဲ့ပြီး မင်းအောင်လှိုင်က ဥက္ကဌ၊ စိုးဝင်းက ဒုတိယဥက္ကဌနေရာကိုဆက်လက်ရယူထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။