ခိုင်လေး၊ မေလ ၁ ရက်၊ ဖလမ်းမြို့
ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁၆ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ကျန်းမာရေး ကုသမှုတွေ လုပ်ဆောင်ပေးနေတာတွေ ရှိတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သုံ့ပန်းတွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်တွေ ၆၀ ကျော်ရှိပြီး အခြားစစ်သည်တော်တွေ အပါ ဒုဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနဲ့ အခြားဗိုလ်မှူး သုံးဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
”စစ်သုံ့ပန်းလိုပြောတဲ့ အခါမှာ ကျနော်တို့က အဆင့် ၃ ဆင့်နဲ့ ထားထားတယ်။ ပထမအဆင့်က တိုက်ပွဲနဲ့ ပတ်သက်မှု မရှိတဲ့ သူတို့အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပေါ့၊ ဒုတိယ အဆင့်က လက်နက်ချ အညံ့ခံပြီး အလင်းဝင်လာတဲ့သူတွေ၊ တတိယက ကျနော်တို့ ဖမ်းမိတဲ့ အဖွဲ့ ဆိုပြီး ၃ ဆင့်ခွဲထားတယ်။ အဲအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ရဲ့ ဥပဒေအရ အရေးယူသွားဖို့ရှိပါတယ်။ လောလောဆယ်တော့ ဒဏ်ရာရတဲ့ သူတို့အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးထားတယ်။ သူတို့ရဲ့ စားဝတ်နေရေးကော လုံခြုံရေးအတွက်ကော အာမခံထားပါတယ်” လို့ ဆရာ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။
ဖလမ်းမြို့ သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လေယာဉ်တွေကြောင့် ထိခိုက်ပျက်စီး သွားတဲ့ အိမ်တွေနဲ့ လမ်းတွေကို ရှင်းလင်းပြီး မိုးရာသီ မတိုင်ခင်အထိ ပြန်လည်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
”ပြန်လည်ထူထောင်ရေး အပိုင်းကတော့ လုပ်ဆောင်နေတဲ့ အချိန်ကာလ ဖြစ်တယ်။ လေယာဉ်ကြောင့် ပျက်စီးသွားတဲ့ အိမ်တွေလမ်းတွေကို သန့်ရှင်းရေးလုပ်နေတဲ့ အချိန်ဖြစ်တယ်။ အတိုင်းအတာ တစ်ခုထိ အချိန်ယူပြီး လုပ်ဆောင်သွားဖို့ရှိတယ်။ နောက်ပြီး မိုးရာသီမတိုင်ခင်လောက်မှာ အမြန်ဆုံးပြီးနိုင်ဖို့ ကျနော်တို့ဘက်က ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ အခြေအနေမှာ ရှိပါတယ်”
ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်ကစ CNO/CNDF ပါဝင်တဲ့ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။