မိုင်းရူပ၊ ဇန်နဝါရီ ၂၉ ရက်၊ ဖယ်ခုံ
ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုအကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာ မိုးဗြဲတိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု- SSLRU ရဲ့ ရဲဘော်နှစ်ဦးနဲ့အမှတ်(၁၀၀၈)တပ်ရင်း- SSRY ရဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ SSLRU က ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ စျာပနကို မနေ့ ဇန်နဝါရီ ၂၈ ရက်က ကရင်နီဒေသတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ SSLRU က ဆိုပါတယ်။
လက်ရှိ မိုးဗြဲမြို့မှာ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုအကြား ထိတွေ့တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ ပြောက်ကျားစနစ်ပုံစံမျိုးပေါ့။ ရဲဘော်အချို့လည်း ဒဏ်ရာရတာ ရှိတယ်။ စစ်ကောင်စီက လေယာဥ်နဲ့ လာကြဲတာရှိတယ်”
မိုးဗြဲတိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပြီး အသေးစိတ်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးအင်အားစုက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ ကျန်ရှိနေပါတယ်။
စစ်တပ်ဘက်ကတော့ မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။