လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၅ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဘူးကုန်းလမ်းခွဲ ဇရပ်အနီးရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် မနက် ၈ နာရီမှာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေမှော်ကနေ ပြန်လာတဲ့ ငှက်ပျောတိုင်းရွာဟောင်းက ဒေသခံ ၇ ဦးကိို ဘူးကုန်းဘုန်းကြီးကျောင်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဖမ်းဆီးသွားပြီး ၄ ရက်ဆက်တိုက် နှိပ်စက်ရိုက်နှက်ခဲ့ကြပြီးနောက် စက်တင်ဘာလ ၁၂ ရက်မှာ ကြိုးတုပ်ထားတဲ့ အဲဒီ ၆ ဦးကို ကားတာယာတွေနဲ့ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြပြီး အသက်၁၅ နှစ်အရွယ် မောင်မောင်(အမည်လွှဲ) မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က “သူတို့က ဘာကြောင့် ဖမ်းတာလည်းဆိုတာတော့ ကျနော်တို့ မမေးမိဘူး” လို့ ပြောပါတယ်။
မီးရှို့ခံရတဲ့ ၆ ဦးထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မီးရှို့ခံရပြီး သေဆုံးသွားတဲ့သူတွေဟာ ဦးလေးစိုးတင့် (၄၅)နှစ်၊ ကိုချစ်သဲမောင်(၂၃)နှစ်၊ ကိုသန်းဇော်ထွန်း (၂၃)နှစ်၊ ကိုရီဝေမိုး (၁၈)နှစ်၊ မိုးသက်ခ (၁၆)နှစ်နဲ့ ချမ်းဖြိုးဝေ (၁၄)နှစ်တို့ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွတ်မြောက်လာသည့် အသက် ၁၅ နှစ်အရွယ် လူငယ်က “ကျွန်တော်တို့ကို ဘူးကုန်းဘုန်းကြီးကျောင်းထဲခေါ်သွားတာ။ ကျောင်းထဲရောက်တာ့ အင်္ကျီတွေချွတ်ခိုင်းပြီး ဝါးအစိုနဲ့ထပ်ရိုက်တယ်။ ၄ ရက်လုံးထမင်းမကျွေးဘူး။ လက်ပြန်ကြိုးတုပ်ပြီးနှိပ်စက်နေခဲ့တာ။စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ အချိန်တော့အတိအကျမသိဘူး။ ကျွန်တာ်တို့ ၇ ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ သာယာပုံးပေါ်တက်ခိုင်းတယ်။ ပြီးတော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်။ မေ့မျောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲ့ထဲမှာ ကျွန်တာ်ကကံကာင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ” လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူမြို့နယ်အတွင်း တစ်လနီးပါး စစ်ကြောင်းထိုးလှည့်ပတ်နေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို အလုံးစုံ ထိန်းချုပ်ရန် ကြိုးပမ်းနေတာကြောင့် ခရီးသွား ပြည်သူတွေအနေနဲ့ သတိပြုသွားလာဖို့ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။