ရွှေဖီမြေ၊ စက်တင်ဘာ ၁၁ ရက်
စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ ရခိုင်-မကွေးတိုင်းနဲ့ ရခိုင်-ဧရာဝတီတိုင်း အစပ်တွေကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစပြီး ၎င်းတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်-မကွေးတိုင်းအစပ်ရှိ ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် AA ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့အထိ စွန်တက်ကျေးရွာအနီးကို စစ်ကောင်စီတပ်ဟာ စစ်ကြောင်းပြောင်းပြီး AA တပ်ကို ထိုးစစ်ဆင်မှု ဆက်တိုက်လုပ်ဆောင်နေသော်လည်း သေဆုံးမှုများစွာကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်း-ရခိုင်အစပ်ရှိ စက်စက်ယိုရွာအနီးဝန်းကျင်နဲ့ ပဲခူးတိုင်း-ရခိုင်အစပ်ရှိ ဆင်လမ်ရွာ အနီးဝန်းကျင် နေရာတွေမှာလည်း ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့ အတင်းအဓမ္မ စုဆောင်းထားတဲ့ တပ်သားတွေနဲ့ လက်လွှတ်ထားရတဲ့ နေရာတွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူတွေကို အမြန်ဆုံး အလင်းဝင်ဖို့ကိုလည်း AA က တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ ခုကို ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အစပ်ရှိ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေထိ တပ်ဖြန့်ထားကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။